ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် ဝရမ်းမပါဘဲ ရဲတပ်ဖွဲ့၏ စီးနင်းရှာဖွေမှုများ အဆုံးသတ်ရေး တက်ကြွလှုပ်ရှားသူများ တောင်းဆို

ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် ဝရမ်းမပါဘဲ ရဲတပ်ဖွဲ့၏ စီးနင်းရှာဖွေမှုများ အဆုံးသတ်ရေး တက်ကြွလှုပ်ရှားသူများ တောင်းဆို

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဘာရာမြို့တွင် ရဲများက ဝရမ်းမပါဘဲ နေအိမ်များကို စီးနင်းရှာဖွေမှုများ လုပ်ဆောင်နေခြင်းအပေါ် တက်ကြွလှုပ်ရှားသူများက ပြစ်တင်ဝေဖန်လိုက်ပြီး ယင်းသည် မျိုးနွယ်စုများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများအပေါ် ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောဆိုကာ ထိုကဲ့သို့ စီးနင်းမှုများ အဆုံးသတ်ရေး တောင်းဆိုထားကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ဘာရာမြို့ သတင်းမီဒီယာ အသင်းတိုက်တွင် အောက်တိုဘာ ၂၄ ရက်က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ရာတွင် အသင်းတိုက်၏ သဘာပတိ ရှာလိုဘာ ကာအူမီ ဆာရက်ရှ်သာ အဗ္ဗဒူလ် ဂါနီ၊ ဥက္ကဋ္ဌ ဘာဇာ ဂူလ်နှင့် အသင်းဝင်များဖြစ်ကြသော ဇာဝရာ ဒင်၊ ချီရာ အက်ဖရီဒီ၊ ဟာမစ် မာမာ နှင့် ဂျာဗက် အက်ဖရီဒီတို့က ညအချိန် ၎င်းတို့၏ ဧရိယာအတွင်းရှိ နေအိမ်များကို ရဲများက ဝရမ်းမပါဘဲ စီးနင်းမှုများ လုပ်ဆောင်နေကြောင်း စွပ်စွဲသည်။

ထိုလုပ်ရပ်များက မျိုးနွယ်စုဆိုင်ရာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ဆက်ပြီး သည်းမခံနိုင်တော့ဟု ၎င်းတို့က ပြောကြားသည်။

ပက်ရှာဝါ ရဲများသည် နေအိမ်တချို့ကို ဝင်ရောက်ရှာဖွေရာတွင် အမျိုးသမီးများ ရှိရာ အခန်းများကို ရဲမေများ မပါဘဲ ဝင်ရောက်မှုများ ရှိကြောင်း ၎င်းတို့က ပြောသည်။

ယင်းကဲ့သို့သော စီးနင်းရှာဖွေမှုများကို မြို့မိမြို့ဖများနှင့် တက်ကြွလှုပ်ရှားသူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ယင်းသည် အမျိုးသမီးများ၏ ကိုယ်ရေးကိုယ်တာဘဝများအပေါ် ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အဆိုပါ စီးနင်းမှုများတွင် ပါဝင်သည့် ရဲများကို ဌာနတွင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ၎င်းတို့က တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly