တရုတ်၏ သံတမန်ရေးရာတိုက်ခိုက်မှုများ မြင့်တက်လာဖွယ်ရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

By Taipei times
04 November 2022
တရုတ်၏ သံတမန်ရေးရာတိုက်ခိုက်မှုများ မြင့်တက်လာဖွယ်ရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ (CCP) အမျိုးသားညီလာခံအပြီးတွင် ထိုင်ဝမ်၏ သံတမန်ရေးရာမဟာမိတ် အနည်းငယ် ကို စည်းရုံးခြင်းအပါအဝင် ထိုင်ဝမ်အား သံတမန်ရေးရာတိုက်ခိုက်မှုများ အရှိန် မြှင့်လုပ်ဆောင်လာဖွယ် ရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက အောက်တိုဘာ ၂၆ရက်တွင် ပြောကြားလိုက်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်၏ အာဏာချုပ်ကိုင်ထားမှုကို ပိုမိုအားကောင်းစေခြင်းဖြင့် အောက်တိုဘာ ၂၃ရက်တွင် ညီလာခံကို အဆုံးသတ်ခဲ့သည်။

ဥပဒေပြုလွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာတစ်စောင်တွင် ထိုင်ဝမ်အား "လုံခြုံရေးခြိမ်းခြောက်မှုနှင့် သံတမန်ရေးဖိနှိပ်မှုများကို အရှိန်မြှင့်ရန်" မျှော်လင့်ထားကြောင်း ဝူက ပြောကြားခဲ့သည်။

“အထူးသဖြင့် သံတမန်ရေးနယ်ပယ်မှာ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေ တိုးလာဖွယ် ရှိပါတယ်” ဟု ဝူက လွှတ်တော်အမတ်များအား ပြောကြားခဲ့သည်။ "ဒါက ကျွန်တော်တို့ စိုးရိမ်နေတဲ့ ကိစ္စပါပဲ"

ထိုင်ဝမ်အား အသိမှတ်ပြုနေသည်မှ တရုတ်အား ပြောင်းလဲ အသိမှတ်ပြုလာရန် ထိုင်ဝမ်မဟာမိတ်များကို တရုတ်က ပိုမိုသွေးဆောင်ရန် ကြိုးပမ်းမှုများ အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု ထိုင်ဝမ်၏ သံတမန်မဟာမိတ် များထံမှ “သတင်းပေးမှုများ” နှင့် ထောက်လှမ်းရေးသတင်းများရရှိထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ သံတမန်ရေးရာ စိန်ခေါ်မှုတွေက ပိုကြီးလာနေပါတယ်” ဟု ၎င်းက ဆိုသည်။ "ရှေ့ကို မျှော်ကြည့်ရင် ကျွန်တော်တို့ရဲ့ အခြေအနေက ပိုခက်ခဲလာနေပါတယ်။"

ဝူ၏ ရာထူးသက်တမ်းကာလအတွင်း နိုင်ငံ ၆ နိုင်ငံသည် တရားဝင်အသိအမှတ်ပြုမှုကို ထိုင်ဝမ်မှ တရုတ်သို့ ပြောင်းလဲခဲ့သည်။

ထိုင်ဝမ်ကို တရုတ်က ကျူးကျော်မည့်ကာလကို ဆန်းစစ်လေ့လာသူများက ခန့်မှန်းရာတွင် ၂၀၂၇ခုနှစ်မှ ၂၀၂၅ ခုနှစ်သို့ လျော့ချခန့်မှန်းရာမှ ယခုအခါ ၂၀၂၃ခုနှစ်အတွင်း ဖြစ်နိုင်ကြောင်း ပြောကြားလာကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required