ဖားကန့်မြို့တွင် ဆန္ဒပြ‌ေနသည့် ပြည်သူများထံတပ်မမှူးက လက်နက်ကြီးဖြင့် ပစ်ခတ်ခိုင်း

ဖားကန့်မြို့တွင် ဆန္ဒပြ‌ေနသည့် ပြည်သူများထံတပ်မမှူးက လက်နက်ကြီးဖြင့် ပစ်ခတ်ခိုင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စစ်တပ်ဗျူဟာကုန်းမှ တပ်မမှူးက ဆန္ဒဖော်ထုတ်နေကြသော ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခိုင်းထားသည်ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ဒေသခံများက ပြောသည်။

တပ်မမှူးသည် စစ်ကောင်စီလက်အောက်ခံ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးများကို ဆန္ဒဖော်ထုတ်နေသူများဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ရန် သတိပေးပြောထားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း နေ့စဉ်ရက်ဆက် မှော်ပေါင်းစုံ လှည့်လည်ဆန္ဒထုတ်ဖော်လျက်ရှိသော ပြည်သူများအား ၆၀ မမ အမျိုးအစား လက်နက်ကြီးဖြင့် ပစ်ခတ်ရန် တပ်မ (၃၃) မှ တပ်မမှူးကိုကိုလွင်က အမိန့်ပေးစေခိုင်းခဲ့သဖြင့် ယမန်နေ့ နိုဝင်ဘာလ ၂ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ဖားကန့်အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်မှာ ဖားကန့်မြို့ ဆွတ်ငိုင်ယန်နှင့် မော်ဝမ်းလေးကြားရှိ တံတားအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား ကလေးငယ် မောင်နှမနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း ဖားကန့်မြို့နယ် မှော်စုံလှည့်သပိတ်ကော်မတီ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

"ကျနော်တို့ မှော်စုံလှည့်နေတဲ့ သပိတ်စစ်ကြောင်းကို ဖြိုခွင်းချင်လို့ အခုလို လူနေတဲ့ရပ်ကွက်ဘက် ပရမ်းပတာပစ်လိုက်တာဖြစ်တယ်။ ဘယ်သူ့ပဲထိထိဆိုတဲ့ သဘော" ဟု ဆိုသည်။

စစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် မော်ဝမ်းလေးရွာမှ ကျောင်းသား မောင်အောင်မျိုးထွန်း (၁၇ နှစ်) နှင့် ကျောင်းသူ မနှင်းယုလှိုင် (၁၄ နှစ်) တို့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့‌ သော်လည်း လက်ရှိအချိန်၌ စိုးရိမ်ရသည့် အ‌ခြေအနေ မရှိတော့ကြောင်း သိရသည်။

ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီတပ် တပ်မမှူးက ဆန္ဒပြပြည်သူများ၏ နေအိမ်များကိုလည်း ရှာဖွေကာ မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ထား‌သေးသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ယနေ့အချိန်ထိ ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ် မှော်စုံလှည့် လူထုသပိတ်စစ်ကြောင်းသည် အားကောင်းကောင်းဖြင့် ချီတက်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်ကို ဗျူဟာတပ်မမှူး ငါးဦးထက်မနည်း အပြောင်းအရွှေ့ ပြုလုပ်ကာ ခြေကုပ်ရယူရန် ကြိုးစားနေဆဲဖြစ်ကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required