ကန့်ဘလူမြို့နယ်မှ ကလေးသူငယ် စစ်ဘေးရှောင်များအတွက် အစားအသောက်နှင့် ဆေးဝါးများ လိုအပ်နေ

ကန့်ဘလူမြို့နယ်မှ ကလေးသူငယ် စစ်ဘေးရှောင်များအတွက် အစားအသောက်နှင့် ဆေးဝါးများ လိုအပ်နေ

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ စစ်ဘေးရှောင်ကလေးငယ်များအတွက် အစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး ရာသီအကူးအပြောင်းကြောင့် ဖျားနာခြင်းနှင့် ဝမ်းလျောခြင်းများ လည်းရှိကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ် က မဇ္စျိမကိုပြောသည်။

လက်ရှိတွင် ကလေးသူငယ်စစ်ဘေးရှောင်များမှာ မိသားစုနှင့်အတူ တောတောင်များအတွင်း ရှောင်တိမ်း နေကြရပြီး ရိက္ခာပြတ်လပ်မှုကြောင့် အာဟာရချို့တည့်မှုများလည်းရှိကြောင်း သိရသည်။

“ကလေးသူငယ်တွေရဲ့ အာဟာရအနေနဲ့ကတော့ တောထဲတောင်ထဲမှာနေရတာဆိုတော့ အရပ်စကားနဲ့ မသေထမင်း မသေဟင်းပေါ့ဗျာ စားရသောက်ရတယ်ဆိုရုံလောက်ပဲ ရှိတာပေါ့။ အာဟာရပြည့်ဝဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့နိုင်ငံကလည်း နဂိုကတည်းက အာဟာရညွှန်းကိန်းမှာ နိမ့်ကျတဲ့ နိုင်ငံဆိုတော့ အခုအခြေအနေမှာ ပိုဆိုးတာပေါ့ဗျာ။ အာဟာရမပြည့်ဝတော့ ကိုယ်ခံအားနည်းပြီး တခုခု ဆို ဖျားလွယ် နာလွယ်တာပေါ့။ လုံးဝကို အဆင်မပြေဘူးပေါ့”ဟု ဆိုသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် နှစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းအတာဖြင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း ၁ ဒသမ ၄ သန်း ကျော်ရှိနေပြီး ကလေးသူငယ်အရေအတွက် ၅၂၀,၀၀၀ ပါဝင်ကြောင်း Save the Children အဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော် မြေပြင်အခြေအနေမှာ Save the Children ၏ထုတ်ပြန်ချက်ထက် ပိုများနိုင်ကြောင်း ဦးနေ ဇင်လတ်က သုံးသပ်သည်။ ယခုကဲ့သို့ စစ်ဘေးရှောင်ကလေးသူငယ် ငါးသိန်းကျော်ရှိနေခြင်းမှာ မြန်မာ နိုင်ငံ၏အနာဂတ်နှင့် ကလေးသူငယ်များ၏အနာဂတ်အတွက်ပါ စိုးရိမ်စရာကောင်းကြောင်း လည်း ဆိုသည်။

ကန့်ဘလူမြို့နယ်တွင် ကျေးရွာပေါင်း ၃၀၀ ကျော်ရှိပြီး ကျေးရွာ ၃၀ ခန့် မီးရှို့ ဖျက်ဆီးခံထားခဲ့ရသည်။ အိမ်ခြေ ၁,၃၀၀ မှ ၁,၅၀၀ ကြား မီးရှို့ခံထားရပြီး စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

ပုံအဟောင်း - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required