တရုတ်အနေဖြင့် အင်အားသုံး ခြိမ်းခြောက်မှုများကို ရပ်တန့်ပြီး ဆွေးနွေးမှုစတင်ရန် ထိုင်ဝမ်အစိုးရ တိုက်တွန်း

တရုတ်အနေဖြင့် အင်အားသုံး ခြိမ်းခြောက်မှုများကို ရပ်တန့်ပြီး ဆွေးနွေးမှုစတင်ရန် ထိုင်ဝမ်အစိုးရ တိုက်တွန်း

တရုတ်အနေဖြင့် ထိုင်ဝမ်အပေါ် နိုင်ငံရေး၊ စစ်ရေးဖိအားများပေးကာ အင်အားသုံး ခြိမ်းခြောက်မှုများကို ရပ်တန့်ပြီး ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုတို့ရရှိ အောင် လုပ်ဆောင်သင့်ကြောင်း ထိုင်ဝမ်အစိုးရ၏ ပြည်မရေးရာကောင်စီအကြီးအကဲက အောက်တိုဘာ ၃၀ တွင် ပြောကြားခဲ့သည်။

တရုတ်သည် ဩဂုတ်လမှစတင်ကာ ထိုင်ဝမ်းအနီး စစ်ရေးလှုပ်ရှားမှုများ မြှင့်တင်ဆောင်ရွက်ခဲ့သလို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ ထိုင်ဝမ်သို့ လာရောက်ပြီးနောက် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။

“တရုတ်အနေနဲ့ အင်အားသုံးခြိမ်းခြောက်မှုဟာ တစ်ဖက်နဲ့တစ်ဖက် ပိုမိုဝေးကွာပြီး ဒေသတွင်း တင်းမာမှုကို ဖြစ်စေနိုင်တာကြောင့် ဒီလိုလုပ်တာကို ရပ်တန့်သင့်ပါတယ်” ဟု ပြည်မရေးရာ ဝန်ကြီးချူတိုင်စန်က တိုင်ပေမြို့တွင် ပြုလုပ်သည့် ဖိုရမ်တွင် ပြောကြားခဲ့သည်။

“တရုတ်ပြည်မကြီးအစိုးရအနေနဲ့ လက်နက်တွေကို ဘေးချပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။ တရုတ်အစိုးရအနေနဲ့ ကြိုတင်သတ်မှတ်ချက်တွေမထားဘဲ အပြုသဘော ဆွေးနွေးမှုတွေကတစ်ဆင့် သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းသင့်တယ်” ဟုလည်း ချူက ပြောကြားသည်။

အပြန်အလှန်ဆက်ဆံရေးစတင်ရန်နှင့် အပေါင်းလက္ခဏာဆောင်သော ဆွေးနွေးမှု လုပ်ဆောင်ရန် တရုတ်အစိုးရက ခရီးသွားလာမှုနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ထိန်းချုပ်မှုများကို တဖြည်းဖြည်း ဖြေလျော့ရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားသည်။

တန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားရေးကို အခြေခံ၍ ဆွေးနွေးကြရန် ထိုင်ဝမ်သမ္မတ စိုင်အင်းဝမ်၏ ကမ်းလှမ်းမှုများကို တရုတ်က ကြိမ်ဖန်များစွာ ငြင်းဆိုခဲ့သည်။

အောက်တိုဘာ လအတွင်းက ပြုလု်ပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ ဖွင့်ပွဲတွင် သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်ကိစ္စဖြေရှင်းရေးသည် တရုတ်ပြည်သူတို့အပေါ်တွင် မူတည်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ကို ထိုင်ဝမ်အား အင်အားသုံးရေး မည်သည့်အခါမှ တွန့်ဆုတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အစိုးရကလည်း မိမိတို့၏ ပြည်သူ ၂၃ သန်းက သူတို့၏ အနာဂတ်အတွက် ဆုံးဖြတ်နိုင်ကြောင်းနှင့် ထိုင်ဝမ်ကို တရုတ်က မည်သည့်အခါကမှ မအုပ်ချုပ်ခဲ့ဖူးခြင်းကြောင့် အချုပ်အခြာပိုင်ဆိုင်ကြောင်း ပြောဆိုနေမှုများသည် အဓိပ္ပါယ်မရှိကြောင်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly