နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

နိုဝင်ဘာလ ၂ ရက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကန်ကျေးရွာရှိ စစ်ကောင်စီသတင်းပေးဆိုသူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်လွင်အား ဒေသကာကွယ်ရေးတပ်ဖွဲ့များက လာရောက်ပစ်ခတ်၍ သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။

ယနေ့ နိုဝင်ဘာလ ၂ရက် နံနက် ၉နာရီဝန်းကျင်တွင် ဦးမြတ်လွင်သည် ၎င်း၏နေအိမ်၌ ပစ်ခတ်ခံရ၍ နေရာတွင်ပင် ပွဲခြင်းပြီးသေဆုံးသွားသည်ဟုဆိုသည်။

“သူက ရွာခြောက်ရွာမှာ ဥက္ကဋ္ဌပါ။ စစ်တပ်က လက်နက်ပေးထားတယ်။ အခုကတော့ စစ်တပ်ကပြန်ဆုတ်သွားတော့ သူတစ်ယောက်တည်း ကျန်တာ။ ဒီမနက်မှာ ပစ်ခတ်ခံရတာပါ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသတင်းပေးဆိုသူ ဦးမြတ်လွင်ထံမှ လက်ပစ်ဗုံးတစ်လုံး၊ လက်လုပ်သေနတ် တစ်လက်၊ ကျည်ကာအင်္ကျီတစ်ထည်၊ ဖုန်းနှစ်လုံးနှင့်အတူ ကျည်တောင့် ၁၀ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တစ်ဦးထံက သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင်လည်း နွားထိုးကြီးမြို့မရဲစခန်းအား ဒရုန်းဖြင့် အီနာဂါဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသည့် ရဲတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟု မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်း Natogyi People Defence Force ( NPDF)အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်၌ မန္တလေးမှရန်ကုန်ဘက်သို့မောင်းနှင်လာသည့် အင်အား ၄၀ ခန့်ပါ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစ်စီးအား မိုင်တိုင် (၃၂၀)အရောက်တွင် Natogyi People Defence Force အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly