တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးအိမ် ဓားပြတိုက်ခံရ

တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးအိမ် ဓားပြတိုက်ခံရ

နိုဝင်ဘာလ ၂ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်း၌ စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးအိမ် ဓားပြတိုက်ခံရပြီး ငွေများပါသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ညနေခင်းက တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် နေအိမ်တွင်မရှိချိန် အိမ်၌ကျန်ခဲ့သော အိမ်အကူကို မျက်နှာဖုံးစွပ်အမျိုးသားတစ်ဦးက ဓားဖြင့်ထောက်ကာ လုယက်ခဲ့ခြင်းဖြစ်ပြီး အိမ်အကူမှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

"ဖြစ်တာက ထွေအုပ်ဥက္ကဌအိမ်လေ။ သူကဝန်ထမ်းအိမ်ရာထဲမှာ လူနေကြဲတယ်။ အိမ်အကူကို ဓားနဲ့ထောက် ဘုရားစင်ပေါ်ကပိုက်ဆံတွေယူသွားတာ။ အခုအဲ့ဘက်မှာရဲတွေရှုပ်နေတာ" ဟု အခင်းဖြစ်ပွားရာနေရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ လာရောက်လုယက်သူ ထွက်သွားပြီးနောက် အိမ်အကူသည် ဦးအောင်ဆွေမြင့်နှင့် မိသားစုအား ဖုန်းဆက်ခေါ်ခဲ့ပြီးနောက် ရဲအင်အားအများအပြားဖြင့် တရားခံကိုရှာဖွေနေကြောင်း သိရသည်။

လက်ရှိတွင် တောင်ကြီးမြို့၌ စစ်ကောင်စီတပ်သား အင်အားအများအပြား ချထားသော်လည်း ခိုးမှု၊ လုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်ဟု သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly