အမေရိကန်အနေဖြင့် အာဖဂန် တာလီဘန်တို့နှင့် ဆက်သွယ်ဆွေးနွေးရာတွင် အဆင်ပြေချောမွေ့စေရန် ပါကစ္စတန်၏ အကူအညီကို မလိုအပ်ဟု အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် သောမတ် ဝက်စ်က ပြောကြားလိုက်ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။
အမေရိကန် သံတမန် ဝက်စ်သည် Voice of America ၏ အူရဒူဘာသာ ဌာနနှင့် အင်တာဗျူးတစ်ခု တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ တာလီဘန်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် မည်သည့် တတိယ နိုင်ငံ ကိုမှ မလိုအပ်ကြောင်း ၎င်းက ပြောသွားခဲ့သည်ဟု The Express Tribune မီဒီယာက ဖော်ပြသည်။
“ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့ဟာ တာလီဘန်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို အဆင်ပြေစေဖို့ အခြားတစ်နိုင်ငံဝင်ပါဖို့ လိုတယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ဝက်စ်က ပြောသည်။ တာလီဘန်နှင့် ဆွေးနွေးမှုများကို လွယ်ကူချောမွေ့စေရန် ပါကစ္စတန်က လုပ်ပေးနိုင်ခြင်း ရှိ၊မရှိဆိုသည့် မေးခွန်းကို ဝက်စ်က အထက်ပါအတိုင်း တုံ့ပြန်ဖြေကြားသွားခြင်း ဖြစ်သည်။
“ကျွန်တော်နဲ့ အမေရိကန်အစိုးရအဖွဲ့ထဲက ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေဟာ ဒီကိစ္စနဲ့ပတ်သက်လို့ လုပ်ဆောင်နေပါတယ်” ဟု ဝက်စ်က ပြောသည်။
ထို့ပြင် အမေရိကန်အနေဖြင့် အာဖဂန်နစ္စတန်ကို ဝင်ရောက်ရန် ပါကစ္စတန်၏ လေပိုင်နက်ကို လိုအပ်ခဲ့သည် ဆိုသည့် ထင်မြင်ချက်ကိုလည်း ဝက်စ်က ပယ်ချသွားခဲ့သည်။