ရှီကျင့်ဖျင် တရုတ်သမ္မတအဖြစ် တတိယအကြိမ် တင်မြှောက်ခံရပြီးနောက် ရုရှားသမ္မတ ပူတင်ကိုထောက်ခံကြောင်း ထပ်မံအတည်ပြု

ရှီကျင့်ဖျင် တရုတ်သမ္မတအဖြစ် တတိယအကြိမ် တင်မြှောက်ခံရပြီးနောက် ရုရှားသမ္မတ ပူတင်ကိုထောက်ခံကြောင်း ထပ်မံအတည်ပြု

သမ္မတရှီကျင့်ဖျင်ကို တတိယ ၅ နှစ်သက်တမ်းအတည်ပြုခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီညီလာခံအပြီးတွင် တရုတ်က ရုရှားအပေါ် ဗျူဟာများ ပြန်လည်တွက်ချက်နိုင်သည်ဟူသော သတင်းများ မှန်ကန်ခြင်းမရှိတော့ဘဲ ရုရှားသမ္မတဗလာဒီမာပူတင်ကို အခိုင်အမာထောက်ခံကြောင်း ထပ်မံအတည်ပြုလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့နှင့် အောက်တိုဘာ ၂၇ ရက်တွင် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့သည်။

အာဏာရတရုတ်ကွန်မြူနစ်ပါတီ၏ အာဏာမြင့်မားသော အဖွဲ့ဝင် ၂၄ ဦးပါ ပေါ်လစ်ဗျူရိုအတွက် ရွေးချယ်ခံရသော ဝမ်သည် နိုင်ငံခြားရေးမူဝါဒကိစ္စများနှင့်စပ်လျဉ်း၍ ရှီ၏ ထိပ်တန်းအရာရှိအဖြစ် ထွက်ပေါ်လာပြီး လာမည့် မတ်လတွင် ရာထူးသစ်ကို ရယူမည်ဖြစ်သည်။

ဝမ်သည် တရုတ်နှင့် ရုရှားချိတ်ဆက်မှု၏ အရေးပါပုံကို အလေးထားရန် ပါတီညီလာခံအပြီးတွင် ပထမဆုံးအကြိမ်အဖြစ် လက်ဗရော့ကို ဖုန်းခေါ်ဆိုခဲ့သည်။

တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့် အဆင့်တိုင်းတွင် နက်ရှိုင်းသော ဖလှယ်မှုများနှင့် နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားရန် ဆန္ဒရှိကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

အောက်တိုဘာလ ၂၃ ရက်က ပြီးဆုံးခဲ့သော တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ညီလာခံတွင် အသက် ၆၉ နှစ်ရှိပြီဖြစ်သည့် ရှီကျင့်ဖျင်ကို အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တတိယအကြိမ်ထပ်မံရွေးချယ်ခဲ့ပြီး ပါတီတည်ထောင်သူ မော်စီတုံးပြီးလျှင် ၁၀ နှစ်သက်တမ်းပြီးနောက် အာဏာထပ်မံရရှိသည့် တစ်ဦးတည်းသော တရုတ်ခေါင်းဆောင်ဖြစ်သည်။

ရှီသည် လာမည့်လတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ဖြစ်ပါက ပူတင်နှင့်တွေ့ဆုံနိုင်ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required