ထိုင်ဝမ်ပြည်သူ ၉၀ ရာခိုင်နှုန်းက တရုတ်၏ အင်အားသုံးမည့်ခြိမ်းခြောက်မှုကို လက်မခံ

By Taiwan Focus
29 October 2022
ထိုင်ဝမ်ပြည်သူ ၉၀ ရာခိုင်နှုန်းက တရုတ်၏ အင်အားသုံးမည့်ခြိမ်းခြောက်မှုကို လက်မခံ

တရုတ်သည် ထိုင်ဝမ်ကို အင်အားသုံးကိုင်တွယ်မည်ဟူသောအချက်ကို မစွန့်လွှတ်ကြောင်း သမ္မတရှီကျင့်ဖျင်၏ ပြောဆိုမှုအပေါ် ထိုင်ဝမ်ပြည်သူ ၉၀ ရာခိုင်နှုန်းနီးပါးက လက်မခံကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ပြုလုပ်သော တရုတ်ပြည်မရေးရာကောင်စီ (MAC) စစ်တမ်းတွင် ဖော်ပြထားသည်။

ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ညီလာခံ၌ ရှီ၏ပြောကြားချက်အပေါ် MACစစ်တမ်းဖြေဆိုသူ ၈၅ ဒသမ ၆ ရာခိုင်နှုန်းက ပယ်ချခဲ့ကြသည်။ ရှီက တရုတ်သည် ထိုင်ဝမ်လွတ်လပ်ရေးလိုလားသော ခွဲထွက်သူများနှင့် ပြည်ပအင်အားစုများအပေါ် အင်အားအသုံးပြုမှုကို လုံးဝစွန့်လွှတ်မည်မဟုတ်ကြောင်းနှင့် ထိုင်ဝမ်နှင့်တရုတ်ပေါင်းစည်းရေး သန္နိဋ္ဌာန်ကိုလည်း ထပ်မံအတည်ပြုခဲ့သည်။

အလားတူ စစ်တမ်းဖြေဆိုသူ ၉၁ ဒသမ ၆ ရာခိုင်နှုန်းသည် ထိုင်ဝမ်ပေါ် တရုတ်ကွန်မြူနစ်ပါတီ၏ စစ်ရေးအရ ခြိမ်းခြောက်မှုကို လက်မခံခဲ့ကြပေ။

ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးနှင့်ပတ်သက်၍ စစ်တမ်းဖြေဆိုသူ ၈၃ ဒသမ ၉ ရာခိုင်နှုန်းက ထိုင်ဝမ်ပြဿနာကို ဖြေရှင်းမည့် တရုတ်၏ အလုံးစုံသော မဟာဗျူဟာကို သဘောမတူခဲ့ကြပေ။ ဖြေဆိုသူ ၈၂ ဒသမ ၃ ရာခိုင်နှုန်းကလည်း တရုတ်တစ်နိုင်တည်းမူဝါဒအရ ၁၉၉၂ သဘောတူညီမှုချက်အပေါ် တရုတ်၏ အခိုင်အမာပြောဆိုနေမှုကို ဆန့်ကျင်ခဲ့ကြသလို ၇၉ ဒသမ ၃ ရာခိုင်နှုန်းက ပြန်လည်ပေါင်းစည်းရေးအတွက် တစ်နိုင်ငံ စနှစ်နှစ်မျိုး က အကောင်းဆုံးဖြစ်သည်ဟူသော ယူဆချက်ကိုလည်း ငြင်းပယ်ခဲ့ကြသည်။

ထိုင်ဝမ် အချုပ်အခြာအာဏာနှင့် ဒီမိုကရေစီကို ကာကွယ်ရင်း ကိုယ်ပိုင်ကာကွယ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ ဆက်လက်လုပ်ဆောင်မည်ဆိုသော ထိုင်ဝမ်အစိုးရကို စစ်တမ်းဖြေဆိုသူအနက် ၈၉ ဒသမ ၇ ရာခိုင်နှုန်းက ထောက်ခံခဲ့သည်ဟု MACစစ်တမ်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်ရေလက်ကြားတွင် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုသည် လုံးဝရွေးချယ်စရာမဟုတ်ကြောင်းနှင့် ထိုင်ဝမ်ပြည်သူများ၏ အချုပ်အခြာအာဏာ၊ ဒီမိုကရေစီနှင့် လွတ်လပ်မှုကို လေးစားမှသာလျှင် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် အပြုသဘောဆောင်သော အပြန်အလှန်ဆက်ဆံရေးများ စတင်နိုင်လိမ့်မည်ဟူသော ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်၏ အမျိုးသားနေ့မိန့်ခွန်းကို ၈၄ ဒသမ ၃ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြသည်။

အဆိုပါစစ်တမ်းကို အသက် ၂၀ နှစ် နှင့်အထက် ထိုင်ဝမ်ပြည်သူများနှင့် အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက်အကြားတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required