တူမီးထီ အပတ်စဉ် (၆) ကံထူးရှင်များထွက်ပေါ်

တူမီးထီ အပတ်စဉ် (၆) ကံထူးရှင်များထွက်ပေါ်

နိုဝင်ဘာလ ၁ ရက်

ချင်းအမျိုးသားများတော်လှန်ရေးအတွက်နှင့် စစ်ဘေးရှောင်များ၊ အခြားလိုအပ်သော ကဏ္ဍများတွင် ထောက်ပံ့ကူညီနိုင်ရန် ဖွင့်လှစ်သည့် တူမီးထီ အပတ်စဉ် (၆)အတွက် ကံထူးရှင်များ ထွက်ပေါ်လာပြီဖြစ်ကြောင်း တူမီးထီ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့နိုဝင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အပတ်စဉ် (၆) ပထမဆု အမေရိကန်ဒေါ်လာ ၂၀၀

ကံထူးရှင်အဖြစ် စင်္ကာပူနိုင်ငံမှ ဆွတ်ခူးသွားပြီး ဒုတိယဆုနှင့် တတိယ ဆုကို ဒေါ်လာ ၃၀ နှင့် ၂၀ ဆုများအဖြစ် မြန်မာနိုင်ငံမှ ဆွတ်ခူးသွားကြောင်း ဖော်ပြထားသည်။

“အခုနောက်ပိုင်းမှာ ထီလက်မှတ်ရောင်းအားကျသွားတော့ တော်တော်လေးအားလျော့ မိတယ်။ ဒါပေမဲ့ နည်းစနစ်ပိုင်း အပ်ဒိတ်(Update)လုပ်ပြီး ပိုကောင်းအောင် ဆက်လက်ကြိုးစား သွားဖို့ရှိပါတယ် ။ လစဉ် ဒေါ်လာ ၁၀၀ ၊ ၂၀၀ အားလုံးပါဝင်စုပေါင်းခြင်းအားဖြင့် မြေပြင်မှာ အနည်းနဲ့ အများဆိုသလိုထိရောက်မှုရှိပါတယ်။ ဒါကြောင့်မို့ တူမီးထီကို ဆက်လက်ပါဝင် အားပေးကြပါလို့ နိုးဆော်လိုပါတယ်” ဟု တူမီးထီ ဖွင့်လှစ်ရေး တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

ပေါက်မဲဆုကြေးငွေနှင့် ပတ်သက်ပြီး မိမိတို့ထည့်သွင်းထားသော ငွေ သို့မဟုတ် ဆုကြေး များကို အကောင့် Menu Panel မှ တစ်ဆင့် စစ်ဆေးနိုင်ပြီး ပြန်လည် ထုတ်ယူလိုပါက Menu Panel မှတစ်ဆင့် Withdraw (ငွေထုတ်ရန်) ခလုတ်ဆက် နှိပ်ရမည် ဖြစ်ကာ ဆက်လက်၍ လိုအပ်သော အချက်အလက်များ ဖြည့်စွက်ပြီး ပြန်လည် ထုတ်ယူနိုင်ကြောင်းသိရသည်။

တူမီးထီ အပတ်စဉ်(၅) မှ ရရှိခဲ့သော ရန်ပုံငွေများထဲမှ ချင်းလဲန်းပူးပေါင်း ကာကွယ်ရေးကော်မတီ(CJDC) သို့ ဒေါ်လာ ၅၆၀ ၊ မတူပီ စစ်ဘေးရှောင်များ အတွက် ဒေါ်လာ ၅၀၀နှင့် တီးတိန် စစ်ဘေးရှောင်များအတွက် ဒေါ်လာ ၅၀၀ အသီးသီး ခွဲဝေပေးအပ် ထားကြောင်း သိရသည်။

တူမီးထီသည် လောင်းကစားထီမဟုတ်ကြောင်းနှင့် တော်လှန်ရေးကာလ ရန်ပုံငွေရှာဖွေရန်အတွက် ယာယီသတ်မှတ်ထားသော အမည်နာမတစ်ရပ်သာဖြစ်ကြောင်း သိရသည်။

ဖက်ဒရယ် ဘဏ္ဍာရေးစနစ်ကိုဖော်ဆောင်ရင်း တော်လှန်ရေးအတွက် အားဖြည့်နိုင်သည့် အစီအစဉ် တစ်ရပ်ဖြစ်ပြီး နောင်တွင် ချင်းပြည်အစိုးရအသစ်ပေါ်ပေါက်လာပါက (Federal Lottery) အဖြစ် ချင်းဖက်ဒရယ် အစိုးရထံသို့ တရားဝင်အပ်နှံသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly