ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်ကစစ်ကြောင်ထိုးနေ၍ ဒေသခံ ၃၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရ

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်ကစစ်ကြောင်ထိုးနေ၍ ဒေသခံ ၃၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရ

နိုဝင်ဘာလ ၁ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းရှိကျေးရွာများသို့ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များ စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံ ၃၀,၀၀၀ နီးပါး စစ်ဘေး ရှောင်နေရကြောင်း ကန့်ဘလူ-ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်၍ ကန့်ဘလူမြို့နယ်တောင်ပိုင်းရှိကျေးရွာများကို ဝင်ရောက်စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ ၁၀ ရက်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

“စစ်ကြောင်းထိုးလာတယ်လို့ကြားတာနဲ့ နီးစပ်ရာရွာတွေက ပြည်သူတွေက ကိုယ်လွတ်ရုန်းပြေးကြရတာ မို့ စားနပ်ရိက္ခာဘာတခုမှမပါဘဲ ထွက်ပြေးကြရတာများ ပါတယ်ဗျ။ အဲ့ဒါကြောင့် အစားအသောက်၊ ဆေးဝါးနဲ့ တဲအိမ်ဆောက်ဖို့ အမိုးအကာကတော့ အရေးတကြီး လိုအပ်ချက်ရှိတယ်လို့ပြောလို့ရပါတယ်ဗျ။ အဝတ်အထည်ရောပေါ့ ” ဟု ကန့်ဘလူ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဒေသခံ ပြည်သူပေါင်း ၂‌၅,၀၀၀ မှ ၃၀,၀၀၀ ကြားသည် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီစစ်ကြောင်းသည် တစ်ရွာဝင် တစ်ရွာထွက် ရွှေ၊ ငွေ ပစ္စည်းများခိုးယူခြင်း၊ အပြစ်မဲ့ပြည်သူ ပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကိုပါပြုလုပ်နေ၍ စစ်ဘေးရှောင်ပြည်သူများ အတွက် စစ်ရှောင်စခန်းများဖွင့်လှစ်ပါက လေကြောင်းဖြင့် လာရောက် တိုက်ခိုက်နိုင်ကြောင်း သိရသည်။

“စစ်ရှောင်စခန်းတွေ ဖွင့်လို့အဆင်မပြေသလို သူတို့(စစ်ကောင်စီတပ်)က လူစိတ်ရှိတာမဟုတ်တော့ စစ်ရှောင်စခန်းတွေကို ဝေဟင်ကနေ အလုံးအရင်းနဲ့ဗုံးကြဲတာမျိုးတွေ လုပ်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်ကိုင်းတိုင်းမှာ စစ်ရှောင်စခန်းသီးသန့် မလုပ်နိုင်တဲ့သဘောပါဗျ” ဟု တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းအထိ ကျေးရွာများသို့ စစ်ကြောင်း ထိုးဝင်ရောက်နေခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေများနှင့် ထိတွေ တိုက်ပွဲ များ ဖြစ်ပွားနေကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် ကိုးရက်တာအတွင်း ကန့်ဘလူ UG နှင့် မဟာမိတ်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းမှ ၃၀ ဦးခန့်သေဆုံးခဲ့ပြီး UG မဟာမိတ်အဖွဲ့များ ဘက်မှ Drone နှစ်စီး ပျက်စီးဆုံးရှုံးကာ ရဲဘော်သုံးဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရသည်။

ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly