အိမ်နဲ့ အဝေးက အိမ် 

အိမ်နဲ့ အဝေးက အိမ် 

နိုဝင်ဘာလ ၁ ရက်

SAF တွင် ပညာသင်ဆု ရရှိခြင်းက ကပ္ပတိန် ကိုမောင်သက်နိုင်ဝင်းအတွက် စင်ကာပူလေတပ် RSAF မှ တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများစွာကို ရရှိစေသည်။ 

လန်ဒန် အင်ပါယာကောလိပ်နှင့် နောက်ပိုင်း၌ လန်ဒန် ဘုရင့်ကောလိပ်တို့တွင် ကျောင်းသားအဖြစ် တက်ရောက်သင်ကြားနေသည့် ကာလအတွင်း၌လည်း သူသည် အားလပ်ရက်များနှင့် ကြုံကြိုက်သော စင်ကာပူက အစီအစဉ်များသို့ အခါခါ ပါဝင်ခဲ့သည်။ 

ယင်း အစီအစဉ်များထဲမှ တစ်ခုမှာ လေတပ်သတင်းပြန်ကြားရေး စင်တာတွင် ပါဝင်ခြင်းဖြစ်သည်။ ယင်းစင်တာ၌ ကပ္ပတိန် ကိုမောင်သက်နိုင်ဝင်းသည် အဓိကအားဖြင့် လူမှုမီဒီယာ တင်ဆက်မှုမှတစ်ဆင့် လုပ်ဆောင်သော လေတပ်အပေါ် အများပြည်သူ ယုံကြည်မှု ခိုင်မာစေရေးအတွက် အများပြည်သူနှင့် ဆက်ဆံရသော အဖွဲ့တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ 

တက္ကသိုလ်မှ ဘွဲ့ရပြီး ပြည်ပလေ့ကျင့်သင်ကြားမှုများ ပြီးစီးသည့်အခါတွင် သူသည် Paya Lebar လေတပ်စခန်း လေယာဉ်အုပ် တပ်ရင်း (၁၄၂) တွင် လက်ထောက်လေယာဉ်မှူးအဖြစ် စတင် တာဝန်ထမ်းဆောင်ရသည်။ ပျံသန်းရေး သင်ရိုးမာတိကာများကို ကျေညက်အောင် လေ့ကျင့်ဆည်းပူးရပြီး သူ့၏ တပ်ရင်းနှင့်အတူ သဏ္ဍာန်တု ပျံသန်းမှုများ၊ ဝေဟင်မှ ဝေဟင်နှင့် ဝေဟင်မှ မြေပြင် မစ်ရှင်များကို အတူတကွ လုပ်ဆောင်ကြရသည်။ 

ထိုသို့ စင်ကာပူ၌ လက်ထောက်လေယာဉ်မှူးအဖြစ် တစ်နှစ်ခွဲကြာ လေ့ကျင့်သင်ကြားပြီးနောက်တွင် Peace Carvin V သို့ ပြောင်းရွှေ့ခံရသည်။ ယင်း တပ်ဆွယ်မှာ အမေရိကန်ပြည်ထောင်စု အိုင်ဒါဟာပြည်နယ်ရှိ Mountain Home Air Force Base လေတပ်စခန်း၏ နှင်းဖုံးတောင်ထွတ်များကြားတွင် တပ်ချထားခြင်း ဖြစ်သည်။ 

ထိုနေရာတွင် ကပ္ပတိန် ကိုမောင်သက်နိုင်ဝင်းသည် လက်ရှိအထိ နေထိုင်နေပြီး အမေရိကန်လေတပ် USAF ၏ အမှတ် (၄၂၈) တပ်ရင်း Buccaneers မှ အဆင့်တူများနှင့်အတူ လေ့ကျင့်သင်ကြားလျက် ရှိနေသည်။ 

ထို နေရာ၌ ရောက်ရှိနေသည်မှာ နှစ်ဝက်သာ ရှိသေးသည့် သူ့အတွက် အသစ်အဆန်း ဖြစ်နေသော်လည်း ပျင်းရိစရာ အခိုက်အတန့် စိုးစိမျှ ရှိမနေပေ။ မကြာသေးခင်ကလည်း သူသည် အလက်စကာရှိ Eielson Air Force လေတပ်စခန်းသို့ သွားရောက်ခဲ့ရသည်။ ယင်းစခန်းတွင် သူ့၏ တိုက်ပွဲဝင် အသင့်ရှိမှုနှင့် ပျံသန်းမှု စွမ်းရည်ကို ထက်မြက်အောင် သွေးပေးသော အကြီးစား လေကြောင်းတိုက်ခိုက်ရေး လေ့ကျင့်မှု Exercise Red Flag Alaska တွင် ပါဝင်လေ့ကျင့်ခဲ့ရသည်။ 

ကပ္ပတိန် မောင်သက်နိုင်ဝင်း၏ အချိန်အများစုသည် လေ့ကျင့်ရေးမစ်ရှင်များအတွက် ပြင်ဆင်ရင်း အမှန်တကယ် ကုန်ဆုံးရသည်။ အစဉ်အလာ လွဲမှားနေမှုတစ်ရပ်မှာ လေသူရဲများသည် ထုံးစံအားဖြင့် တစ်နေ့လျှင် တစ်နာရီခွဲမှ နှစ်နာရီခန့်ပဲ ပျံသန်းကြရခြင်းဖြစ်ပြီး ကျန်အချိန်များက ပျံသန်းရခြင်း မရှိ၊ နားနေကြရသည်ဟု ၎င်းက ပြောသည်။ 

အသက် ၂၈ နှစ်အရွယ် ကိုမောင်သက်နိုင်ဝင်းက ယင်း ထုံးစံဖြစ်နေသည်ကို မြန်မြန်သွက်သွက်ပင် ပြင်ဆင်သည်။ “ခက်ခဲရှုပ်ထွေးမှုပေါ် မှီတည်ပြီး မစ်ရှင်တစ်ခုအတွက် အစီအစဉ်၊ ရှင်းလင်းမှာကြားချက်၊ ပျံသန်းမှုနှင့် ဆောင်ရွက်ချက် အစီရင်ခံမှုတွေဟာ ဘယ်နေရာမှာမဆို ရှစ်နာရီကနေ ၁၂ နာရီလောက်အထိ ကြာနိုင်တယ်”ဟု ၎င်းက ပြောသည်။ 

“မစ်ရှင်အပြီး လုပ်ငန်းသိမ်း အစီရင်ခံမှုကို မချွင်းမချန် လုပ်ဆောင်တာနဲ့ ကိုယ့်ကိုကို ပြန်လည်ဆန်းစစ်တာတွေက ကျွန်တော်တို့ လုပ်လိုတာကို ဘယ်လို ပိုကောင်းအောင် လုပ်မလဲဆိုတာ လမ်းပြပေးတယ်”ဟု ၎င်းက ပြောသည်။ 

လိုအပ်သော စွန့်လွှတ်မှု  

Mountain Home သည် သူ့အတွက် အိမ်သစ် ဖြစ်ကောင်း ဖြစ်နိုင်ပြီး Peace Carvin V မှ အမျိုးသား၊ အမျိုးသမီးများသည်လည်း မိသားစုဝင်သစ်များ ဖြစ်နိုင်ပါသည်။ သို့ရာတွင် သူ အကာအကွယ် ပေးနိုင်ရေး အပြင်းအထန် လေ့ကျင့်နေရသည့် သူ့ နိုင်ငံနှင့် သူ ချစ်မြတ်နိုးသူများကတော့ နံနက် မိုးလင်းတိုင်း သူ့ စိတ်ထဲ ဦးဆုံးဝင်လာသူများပဲ ဖြစ်တော့သည်။ 

နေရပ် စင်ကာပူမှ ကီလိုမီတာ ၁၅,၀၀၀ နီးပါး ဝေးကွာနေမှုက ယခုကဲ့သို့ စွန့်လွှတ်မှုမျိုးကို ဘာကြောင့် ရွေးချယ်ရသည် ဆိုခြင်းက သူ့ကို သတိပေးနေပေသည်။ “ကျွန်တော့် မိသားစုအကြောင်း ကျွန်တော် စဉ်းစားတယ်၊ သူတို့အတွက် ခုလို ကျွန်တော် လုပ်နေတာဆိုပြီး ကိုယ့်ကိုကို ပြန်သတိပေးတယ်”ဟု ၎င်းက ပြောသည်။ 

ပြည်ပတွင် လေ့ကျင့်သင်ကြားမှုများ လွန်မြောက်သည့်အခါ၌ ယခု ဝေးကွာနေမှုသည် အရေးထားစရာ ရှိတော့မည်မဟုတ်ဟု သူက ယုံကြည်ထားသည်။ “ကိုယ့်ကိုယ်ကို ပြန်မေးပါ၊ နိုင်ငံသားအဖြစ် တာဝန်ထမ်းတယ်ဆိုတာ ဘာလဲ၊ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကျွန်တော်တို့ရဲ့ စံတန်ဖိုးတွေ၊ ကျွန်တော်တို့ရဲ့ အချုပ်အခြာတွေကို ကာကွယ်ဖို့လား၊ ဒါမှမဟုတ် မိမိ မိသားစုအတွက်၊ သူငယ်ချင်းမိတ်ဆွေတွေအတွက်၊ အသက်ရှင်သန်ရေးအတွက် တိုက်ခိုက်မှာလား”ဟု ၎င်းက ပြောသည်။ 

“ကျွန်တော်ကတော့ ဒုတိယ အမျိုးအစားမှာ ပို ပါပါတယ်၊ ကျွန်တော်ရဲ့ မိသားစု၊ အသိမိတ်ဆွေတွေနဲ့ ကျွန်တော်တို့ရဲ့ အသက်ရှင်သန်ရေးကို ကာကွယ်ပါမယ်၊ အသက်စွန့်ပြီး ဘဝမြှုပ်နှံထားတဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေကို ကာကွယ်ပါမယ်၊ ဒါက ထိုက်တန်တဲ့ စွန့်လွှတ်မှု ဖြစ်ပါတယ်”ဟု ကပ္ပတိန် ကိုမောင်သက်နိုင်ဝင်းက ဆိုသည်။ 

“ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိတယ်၊ ကိုယ့်ထက် ကြီးကျယ်တဲ့ အရာတွေအတွက် အမှုထမ်းဖို့ ထိုက်တန်တယ်လို့ ယုံကြည်နေသမျှ အဓိပ္ပာယ် ပြည့်ဝပြီး နှစ်ထောင်းအားရ ရှိတဲ့ ဘဝ အစဉ်အမြဲ ဖြစ်နေမှာပါ”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly