ကျိုက်ထီးရိုးတောင်တက်ဂိတ် ပစ်ခတ်မှုတွင် သေဆုံးသူများ ပါဝင်ပတ်သက်နေသည်ဟု စစ်ကောင်စီစွပ်စွဲ ထုတ်ပြန်

By မေဘယ်လ်သူ
01 November 2022
ကျိုက်ထီးရိုးတောင်တက်ဂိတ် ပစ်ခတ်မှုတွင် သေဆုံးသူများ ပါဝင်ပတ်သက်နေသည်ဟု စစ်ကောင်စီစွပ်စွဲ ထုတ်ပြန်

နိုဝင်ဘာ ၁

မဇ္ဈိမ။ ။မွန်ပြည်နယ်၊ ကျိုက်ထီးရိုးတောင်တက်ဂိတ် ပစ်ခတ်မှု၌ သေဆုံးသူများ ပါဝင်ပတ်သက်နေသည်ဟု ယမန်နေ့ အောက်တိုဘာ ၃၁ ညပိုင်းတွင် စစ်ကောင်စီက စွပ်စွဲ ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ယမန်နေ့ ညပိုင်း စွပ်စွဲထုတ်ပြန်ချက်တွင် ကျိုက်ထီးရိုး တောင်တက်ဂိတ်ပစ်ခတ်မှုဖြစ်စဉ်၌ ယမန်နှစ် ၂၀၂၁ ခုနှစ် ဩဂုတ်လပိုင်းက ကွယ်လွန် ခဲ့သည့် KNU တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောပလေ့ နှင့် ယခု ၂၀၂၂ခုနှစ် ဇွန်လ ၂၂ရက်နေ့တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်ကြောင့် ကွယ်လွန်ခဲ့သည့် ဘီးလင်းမြို့နယ် မွန်ပြည်နယ် လွှတ်တော်အမတ် ဦးကျော်မျိုးမင်းတို့ ပါဝင်နေသည်။

"လွန်ခဲ့တဲ့ တစ်နှစ်ကျော်က သေဆုံးခဲ့တဲ့ တပ်မဟာမှူးနဲ့ ပြီးခဲ့တဲ့လပိုင်းမှာ သူတို့ (စစ်ကောင်စီ)ပဲ သတ်ဖြတ်လို့ သေဆုံးခဲ့တဲ့ အမတ်ကို ဒီကိစ္စမှာဆွဲထည့်တယ်ဆိုတာ တော်ရုံအရှက်မရှိတာဘဲ" ဟု ကျိုက်ထိုမြို့နယ်တော်လှန်ရေးအင်အားစုမှ သတင်းရင်း မြစ်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ရက်က ဖြစ်ပွားခဲ့သည့် ကျိုက်ထီးရိုး တောင်တက်ဂိတ်ပစ်ခတ်မှုတွင် ကွယ်လွန်ခဲ့ပြီဖြစ်သည့် KNU တပ်မဟာ(၁) တပ်မဟာ မှူးဗိုလ်မှူးချုပ်စောပလေ့နှင့် ဘီးလင်းမြို့နယ်မှ မွန်ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းတို့ကို ပါဝင်ပက်သက်သူများအဖြစ်လိမ်လည် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင်ထောင်ဒဏ်၂၁ နှစ်ချမှတ်ခြင်းခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပါအဝင် ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိ ဦးအေးမင်းထွန်း၊ လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာခင်ဆောင်၊ KNU တပ်မဟာ (၁) ရင်း(၃)မှူး ဒါးနယ်ထူးအပါအဝင် စုစုပေါင်း ၁၁ ဦးပါဝင်ပတ်သက်နေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

"သေဆုံးပြီးသူတွေနဲ့ ထောင်ထဲရောက်နေတဲ့သူတွေက ဒီမစ်ရှင်ကို စီစဉ်ပါတယ်။ ပါဝင်ပတ်သက်ပါတယ်ဆိုပြီးပြောနေတာဟာ ဘယ်လိုမှယုံနိုင်စရာမရှိဘဲ လိမ်လည် နေတာ အသိသာကြီး" ဟု သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ရက်နေ့ ကျိုက်ထီးရိုးတောင်တက်ဂိတ်ပစ်ခတ်မှုတွင် ပြည်သူ သုံး ဦးသေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ ပြည်သူများအားထိခိုက်အောင်ပြုလုပ်ခဲ့ခြင်းမရှိခဲ့သလို CCTV မှတ်တမ်းချပြပေးရန် သထုံခရိုင်၊တပ်မဟာ(၁) PDF တာဝန်ခံ ကိုအေးမင်းထွန်း က ဆိုထားသည်။

စာတည်း။ ။မောင်ကောင်း

#မွန်ပြည်နယ်

#ကျိုက်ထီးရိုးတောင်တက်ဂိတ်

#ပစ်ခတ်မှု

#စစ်ကောင်စီ

#လိမ်လည်ထုတ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly