ထိုင်းတွင် ပိတ်လှောင်ခံထားရသော မေ့လျော့ခံဝီဂါများ လောကငရဲနှင့် ရင်ဆိုင်နေရ

ထိုင်းတွင် ပိတ်လှောင်ခံထားရသော မေ့လျော့ခံဝီဂါများ လောကငရဲနှင့် ရင်ဆိုင်နေရ

တရုတ်နိုင်ငံမှထွက်ပြေးလာပြီးနောက် ထိုင်းထိန်းသိမ်းရေးစခန်းများ၌ ဆယ်စုနှစ် နီးပါးကြာ ထိန်းသိမ်းခံထားရသော ဝီဂါ ၅၀ ကျော်သည် နေရပ်ပြန်ပို့ခံရမည်ကို ကြောက်ရွံ့လျက် ဆင်းရဲဒုက္ခခံနေကြရသည်။

ဝီဂါအများအပြားသည် နှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံမှထွက်ပြေးကြကာ တချို့က မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သော်လည်း ထိန်းသိမ်းရေးစခန်းများ၌ ပိတ်မိနေကြသည်။ အဆိုပါဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ထို်ငးအစိုးရအနေဖြင့် တရုတ်နှင့် အမေရိကန်တို့၏ မကျေနပ်မှုကို မကြုံတွေ့အောင် လုပ်ဆောင်နေရကြောင်း လေ့လာသူများက ပြောကြားသည်။

ထိုင်းနိုင်ငံတစ်ဝန်းရှိ လူဝင်ကြီးကြပ်ရေးစင်တာများတွင် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း ဖမ်းမိထားသည့် ဝီဂါများကို ထိန်းသိမ်းထားပြီး အာဏာပိုင်များက ၎င်းတို့ကံကြမ္မာကို စဉ်းစားချင့်ချိန်လျက်ရှိသည်။

ထိန်းသိမ်းထားသောဝီဂါများ၏ တည်နေရာအတိအကျနှင့် အရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ထိုင်းလူ့အခွင့်အရေး အဖွဲ့အစည်းများက ဝီဂါ ၅၂ ဦး ရှိသည်ဟု ဆိုကာ ထိုအမှုကို ကိုင်တွယ်နေသည့် အထက်လွှတ်တော်အမတ်တစ်ဦးက ၅၉ ဦးရှိသည်ဟု ပြောသည်။

တရုတ်နိုင်ငံ ရှင်ကျန်းမှ ထွက်ပြေးလာပြီး ထိုင်းမှတစ်ဆင့် ယခုအခါ ဩစတြီးယားတွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အဗ္ဗဒူလာဆာမီသည် ထိန်းသိမ်းခံထားရသူ အချို့နှင့်အဆက်အသွယ်ရှိသည်။

“အခြေအနေက ဆိုးရွားပါတယ်။ သူတို့ဟာ တရုတ်ကို ပြန်ပို့ခံရရင် အဲဒီမှာ နှိပ်စက်ညှင်းပန်းခံရမှာကို စိုးရိမ်နေကြပါတယ်” ဟု အဗ္ဗဒူလာက AFP သို့ပြောသည်။

ထိုင်းအစိုးရသည် အမေရိကန်က အကာအကွယ်ပေးရန်တောင်းဆိုချက်ကို ဂရုမစိုက်ဘဲ ၂၀၁၅ ခုနှစ်က ဝီဂါ ၁၀၉ ဦးကို တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။

ယင်းလုပ်ရပ်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အမေရိကန်နှင့် ကုလသမဂ္ဂတို့က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required