မြဝတီမင်းကြီးဆရာတော်၏ အန္တိမအဂ္ဂိ ဈာပနပူဇာအခမ်းအနားကျင်းပ

မြဝတီမင်းကြီးဆရာတော်၏ အန္တိမအဂ္ဂိ ဈာပနပူဇာအခမ်းအနားကျင်းပ

အောက်တိုဘာလ ၃၁ ရက်

မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသ၏ အန္တိမအဂ္ဂိ ဈာပနပူဇာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း တာ့ခ်ခရိုင်၊ ကျေးရွာတစ်ရွာတွင် ကျင်းပခဲ့သည်။

ဆရာတော်ကြီး၏ ဈာပနတွင် ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာကို အဆိုပါ ကျေးရွာတွင်ဆက်လက်ထားရှိမည်ဖြစ်သည်။

မြဝတီမင်းကြီးဆရာတော်သည် ပြီးခဲ့သည့်အောက်တိုဘာလ ၂၇ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဆေးရုံကြီးတွင် နှလုံးသွေးကြောပိတ်၍ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆရာတော်ကြီးသည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(က)ဖြင့် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် လူဝတ်လဲ၍ တရားစွဲဆိုခြင်းခံရကာ ၂၀၂၁ ခုနှစ် သြဂုတ်လဆန်းတွင် အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ဆရာတော်ကြီးသည် မဘသအဖွဲ့ကို စစ်တပ်က လှူဒါန်းမှုများနှင့်အခြားကိစ္စများကို ဝေဖန်မှုများကြောင့် ပြီးခဲ့သည့် အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် စစ်တပ်၏တရားစွဲခြင်း ခံခဲ့ရသည်။

ဆရာတော်ကြီးသည် ဗုဒ္ဓစာပေကျမ်းဂန်များတွင် နှံ့စပ်ကျွမ်းကျင်သူဖြစ်သည့်အလျောက် စစ်အာဏာရှင် စနစ်နှင့် ဘာသာရေးခေါင်းဆောင်များ၏ လွဲမှားမှုများအပေါ် ထောက်ပြပြောဆိုခဲ့သည့် ဆရာတော် တစ်ပါးဖြစ်ပြီး ၁၉၈၈ ခုနှစ်မှ ယနေ့အချိန်ထိဒီမိုက‌ရေစီ အရေးလှုပ်ရှားမှုများတွင် တစိုက်မတ်မတ် ပြည်သူ လူထုဖက်မှရပ်တည်ခဲ့သူတစ်ဦး ဖြစ်ကြောင်းသိရသည်။

မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသ ပျံလွန်‌တော်မူချိန်တွင် သက်တော်(၇၁) နှစ် ဝါတော် ၅၁ ဝါ ရှိပြီဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

ဓာတ်ပုံ - The Burmese post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly