က၀မြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုင်းကြေးယူကာ ချဲဒိုင်များကို တရားဝင်လုပ်ကိုင်ခွင့်ပေးနေ

က၀မြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုင်းကြေးယူကာ ချဲဒိုင်များကို တရားဝင်လုပ်ကိုင်ခွင့်ပေးနေ

အောက်တိုဘာလ ၃၁ ရက်

ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုင်းကြေးယူကာ ချဲဒိုင်များကို တရားဝင်လုပ်ခွင့်ပေးနေကြောင်း ဒေသခံများက မဇ္စျ်ိမကို ပြောသည်။

က၀မြို့နယ် ကမာဘာကျေးရွာနှင့် ရစ်ကံကြီးကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက စစ်ကောင်စီတပ်တာဝန်ရှိသူ ဗိုလ်ကြီးထွန်းလင်းအောင်နှင့် ပူးပေါင်းကာ နှစ်လုံး၊ သုံးလုံး လောင်းကစားများကို လိုင်းကြေးယူ လုပ်ကိုင်ခွင့် ပြုနေခြင်း ဖြစ်ကြောင်း သိရသည်။

“ အုပ်ကြီးတွေကိုယ်တိုင် ရောင်းတာမဟုတ်ဘူး။ လိုင်းကြေးယူပြီး အာဝါဒေးပုံစံ open ဖွင့်ထားပေးတာ။ အဲ့ဒီနှစ်ရွာက ရွာချင်းဆက်နေတဲ့ရွာတွေ။ တစ်ရွာစီမှာ နှစ်လုံးရောင်းနေသူက ခုနစ်ယောက် ရှစ်ယောက်လောက်ရှိပါတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် လောင်းကစားပြုလုပ်သည့် ကျေးရွာဒေသခံများထံမှ ရရန်ရှိသည့် ငွေကြေးများကိုလည်း အုပ်ချုပ်ရေးမှူးနှစ်ဦးက ဒိုင်များကိုယ်စား ပြန်လည်တောင်းယူပေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ကျေးရွာနှစ်ရွာမှ အုပ်ချုပ်ရေးမှူးနှစ်ဦးသည် က၀မြို့နယ်အထိုင်ချ စစ်ကောင်စီတပ်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိပြီး ၎င်းတို့နှစ်ဦး လုံခြုံရေးအတွက် သေနတ်အရှည်နှင့် လက်ပစ်ဗုံးများကို စစ်ကောင်စီတပ်က ဧပြီလတွင် ပေးအပ်ထားခဲ့သည်။

“ ဗိုလ်မှူးက တရားဝင်လုပ်ခွင့်ပေးထားတာ။ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူးဆိုပြီး အုပ်ကြီးတွေကိုယ်တိုင်က ရောင်းခိုင်းနေတယ်။ လိုင်းကြေးကို သူတို့နှစ်ယောက်နဲ့ အုန်းနှဲရဲစခန်းက နယ်ထိန်းက ခွဲယူကြတယ်။ ဒိုင်တွေက ထိုးသားတွေဆီမှာ အကြွေးရစရာရှိရင်လည်း သူတို့ပဲ တောင်းပေးတယ်။ အကြွေးတောင်းပေးရင် သိန်း ၃၀ ဆို သူတို့က ၁၀ သိန်းရတယ် ” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာများရှိ လောင်းကစားဒိုင်များက အပတ်ရှင်းစနစ်ဖြင့် တစ်ပတ်လျှင် တစ်ကြိမ်သာ အနိုင်အရှံးကို အလျော်အစား ပြုလုပ်ပေးခြင်း ဖြစ်သည်။

ထို့ကြောင့် ကျေးရွာနေဒေသခံများက တပတ်ပြည့်မှ ရှင်းရသည့်အတွက် နှုတ်ဖြင့်သာ လောင်းကစားပြုလုပ်ကြပြီး အချို့မှာ ခြံများပေါင်နှံခြင်း လယ်ယာမြေများရောင်းချရသည့်အထိ အကြွေးများစွာ တင်သွားသူများလည်း ရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ လယ်ကို စာချုပ်ချုပ်ပြီး ထိုးပေးရတာတွေ ရှိနေသလို တချို့ဆိုလည်း အကြွေးတွေ ဗွက်ပေါက်နေပြီ။ တစ်ပတ်နေမှ ရှင်းရတာဆိုတော့ အဲ့ကလူတွေက ပါးစပ်နဲ့ စွတ်ထိုးကြတာ။ ရှုံးတဲ့သူတွေဆို သိန်း ၁၀၀ နားတောင် ကပ်နေပြီ” ၎င်းက ပြောသည်။

ထိုသို့ ကျေးရွာများတွင် နှစ်လုံး၊ သုံးလုံးလောင်းကစားများကို စစ်ကောင်စီတပ်အကာအကွယ်ပေးမှုဖြင့် တရားဝင်သဘောမျိုး လုပ်ဆောင်နေခြင်းကြောင့် ရပ်ရွာအတွင်း ခိုးဆိုးလုယက်မှုများ ပိုမိုထူပြောလာမည်ကိုလည်း ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။

“ တစ်နိုင်ငံလုံး ခိုးဆိုးလုယက်၊ သတ်ဖြတ်မှုတွေ ဖြစ်နေတာဆိုတော့ ရာဇဝတ်မှုတွေ ပိုပြီး ထူပြောလာမှာနဲ့ ကိုယ့်ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးကို အများကြီး ထိခိုက်နစ်နာတာမျိုးတွေရှိလာနိုင်ပါတယ်” ဟု က၀ဒေသတွင်း သတင်းရင်းမြစ် Kawa Information တာဝန်ရှိသူက ဆိုသည်။

က၀ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပစ္စည်းလုယက်မှုများ မရှိသော်လည်း ဆိုင်ကယ်ခိုးယူခံရမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးသည့်နောက် မြန်မာနိုင်ငံရှိ လူမှုကွန်ရက်နှင့် ပြည်သူများအကြားတွင် လောင်းကစားလုပ်ငန်းများ ပုံစံမျိုးစုံဖြင့် ပျံ့နှံ့ဝင်ရောက်လာကြပြီး ပြည်သူများကလည်း စိတ်ထွက်ပေါက်အဖြစ် အသုံးချကာ ဆော့ကစားမှုများ ပြုလုပ်နေကြသည်။

ထိုသို့သော လောင်းကစားနည်းများတွင် နှစ်လုံး၊ သုံးလုံး (ချဲထိုးခြင်း) သည် ပြည်သူအများစု ပိုမို ဆော့ကစားကြသည့် လောင်းကစားနည်း တစ်မျိုးဖြစ်ပြီး အချို့မှာ ချဲထိုးခြင်းကြောင့် စီးပွားရေး ထိခိုက်ပျက်စီးကြသည့် အခြေအနေများလည်း ရှိနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly