ရုရှက ဂျုံတင်ပို့မှုကို ပိတ်ဆို့ထားဟု ယူကရိန်း အပြစ်ဆို 

ရုရှက ဂျုံတင်ပို့မှုကို ပိတ်ဆို့ထားဟု ယူကရိန်း အပြစ်ဆို 
Photo - EPA

 October 31

ရုရှသည် ဂျုံတင်ပို့မှုကို ပိတ်ဆို့ထားသဖြင့် ကုန်အပြည့် သင်္ဘောများက ဆိပ်ကမ်းမှ ထွက်ခွာရန် “မဖြစ်နိုင်ဘဲ” ရှိနေသည်ဟု ယူကရိန်းက တနင်္ဂနွေနေ့တွင် အပြစ်ဆိုပြောသည်။  

မရှိမဖြစ် လိုအပ်သော ဂျုံတင်ပို့မှုကို ခွင့်ပြုသည့် သမိုင်းတွင် သဘောတူညီချက်မှ ရုရှက နုတ်ထွက်လိုက်ပြီးနောက်တွင် ယူကရိန်း၏ ရေကြောင်း ဂျုံတင်ပို့မှုများ ရပ်တန့်နေခြင်း ဖြစ်သည်။ 

ဂျုံတင်ပို့မှုကို ခွင့်ပြုသော ဇူလိုင်လအတွင်းက သဘောတူညီချက်ကို စစ်ဖြစ်နေသည့် ရုရှနှင့် ယူကရိန်း နှစ်နိုင်ငံကြားတွင် တူရကီနှင့် ကုလသမဂ္ဂတို့၏ ကြားဝင်မှုဖြင့် လက်မှတ်ထိုးထားခဲ့ခြင်း ဖြစ်ပြီး ယင်း သဘောတူညီချက်သည် စစ်ပွဲကြောင့် ဖြစ်ပေါ်သော ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းကို ပြေလျော့စေသည်။ 

“ဂျုံတန်ချိန် ၄၀ အပြည့်တင်ထားတဲ့ ကုန်တင်သင်္ဘောဟာ ဒီကနေ့မှာ ယူကရိန်းဆိပ်ကမ်းက ထွက်ခွာဖို့ ရှိတာ ဖြစ်တယ်”ဟု အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ကြီး အိုလက်ဆန်ဒါးက တွစ်တာတွင် ရေးသည်။ 

“ဒီ ဂျုံတွေဟာ ငတ်မွတ်မှုဘေး ကျရောက်နေတဲ့ အီသီယိုးပီးယားဆီ တင်ပို့မှာ ဖြစ်တယ်၊ ဒါပေမဲ့ ရုရှက ‘ဂျုံတင်ပို့မှု စင်္ကြံလမ်း’ကို ပိတ်ဆို့ထားလို့ တင်ပို့ဖို့ မဖြစ်နိုင်ဘူး”ဟု ၎င်းက ပြောသည်။ 

ဂျုံတင်ပို့မှု သဘောတူညီချက်တွင် ဘေးကင်းလုံခြုံရေး စင်္ကြံကို ထူထောင်ထားပြီး ယင်းစင်္ကြံလမ်းကြောင်းမှ တစ်ဆင့် စစ်ဆေးရန်အတွက် တူရကီသို့ ဂျုံသင်္ဘောများ ဝင်ရောက်ရသည်။ ယင်း လမ်းကြောင်းမှနေ၍ ယူကရိန်း ဂျုံ တန်ချိန် ကိုးသန်းကျော် တင်ပို့ထားပြီး ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်တွင် သဘောတူညီချက်ကို ပြန်လည်သက်တမ်းတိုးရရန် ရှိသည်။ 

ပင်လယ်နက် တပ်စုကို ‘အကြီးစား’ ဒရုန်းတိုက်ခိုက်သည်ဟု ယူကရိန်းအား ရုရှက စွပ်စွဲပြီးနောက် သဘောတူညီချက်မှ နုတ်ထွက်မည်ဖြစ်ကြောင်းကို စနေနေ့တွင် ကြေညာသည်။ ယူကရိန်းကမူ ယင်းသို့ ပြောဆိုမှုသည် “အယောင်ဆောင် ယိုးမယ်ဖွဲ့ခြင်း” သာဖြစ်သည်ဟု ပြောသည်။ 

ရုရှ၏ လုပ်ရပ်သည် “လုံးလုံး လက်သင့်ခံစရာ မရှိ” ဟု အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က ပြောပြီး နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်ကလည်း ရုရှသည် “စားနပ်ရိက္ခာကို လက်နက်သဖွယ် အသုံးချနေသည်”ဟု ပြောဆိုခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly