ရုရှတပ်ဖွဲ့ဝင်များက ခါဆန်ဒေသ ဆေးရုံများမှ ဒဏ်ရာရစစ်သားများကို ခေါ်ထုတ်ရွှေ့ပြောင်းနေပြီး ဆေးဘက်ဆိုင်ရာ ပစ္စည်းများကိုပါ ယူဆောင်

ရုရှတပ်ဖွဲ့ဝင်များက ခါဆန်ဒေသ ဆေးရုံများမှ ဒဏ်ရာရစစ်သားများကို ခေါ်ထုတ်ရွှေ့ပြောင်းနေပြီး ဆေးဘက်ဆိုင်ရာ ပစ္စည်းများကိုပါ ယူဆောင်

October 31

ရုရှတပ်ဖွဲ့ဝင်များသည် ယူကရိန်းနိုင်ငံ တောင်ပိုင်း ခါဆန်ဒေသရှိ ဆေးရုံများမှ ၎င်းတို့၏ ဖျားနာနေသော၊ ဒဏ်ရာရထားသော စစ်သားများကို ရွှေ့ပြောင်းခေါ်ထုတ်လျက် ရှိပြီး ၎င်းတို့ ထွက်ခွာစဉ် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကိုလည်း ပြောင်တလင်း ခါစေအောင် ယူဆောင်နေကြောင်း ယူကရိန်းက ပြောသည်။

“ကျူးကျော်သူတွေဟာ သူတို့ ယာယီ သိမ်းပိုက်ထားတဲ့ ခါဆန်ဒေသ နယ်မြေမှာ ဆေးရုံတွေကနေပါမကျန် ဘေးလွတ်ရာ ရွှေ့ပြောင်းမှု ဆိုတာကို ဆက်လုပ်နေပါတယ်” ဟု ယူကရိန်းစစ်ဦးစီးအရာရှိချုပ်ရုံးက ထုတ်ပြန်သည်။

“ခါဆန်ဒေသ ဆေးရုံတွေကနေ ပစ္စည်း ကိရိယာတွေနဲ့ ဆေးဝါးတွေ အားလုံးကို သူတို့ ပြောင်းရွှေ့ယူဆောင်နေတယ်”

ဒီ အမည်ရှိ ဒေသခံတစ်ဦးက သူမ နေထိုင်သည့် ဧရိယာတွင် ရုရှတပ်သားများ ပစ္စည်းကိရိယာများ ယူဆောင်နေသည်ကို မြင်နေရကြောင်း ပြောပြသည်။

“သူတို့တွေ အရာအားလုံးကို မြို့ထဲကနေ ဘယ်လို သယ်ထုတ်နေသလဲ ဆိုတာကို ကျွန်မ အမြဲ မြင်နေရတယ်။ အဝတ်လျှော်စက်တွေ၊ လေအေးပေးစက်တွေ၊ လူနာတင်ကားတွေ၊ မီးသတ်ကားတွေ နဲ့ ကယ်ဆယ်ရေးယာဉ်တွေကို ပြောင်းရွှေ့ယူဆောင်နေတာကို ကျွန်မရဲ့ ပြတင်းပေါက်ကနေ မြင်နေရတယ်” ဟု သူမက Telegraph ကို ပြောသည်။

ခါဆန်ဒေသတွင် ယူကရိန်းစစ်သားများသည် တဖြည်းဖြည်းချင်း ရှေ့တိုးချီတက်လျက် ရှိသည်။ ခါဆန်မြို့သည် စစ်ပွဲ၏ အစောဆုံးရက်များတွင် ရုရှတို့ သိမ်းယူခဲ့သည့် မြို့ဖြစ်ပြီး ယင်းသည် ရုရှတို့လက်ထဲ ပထမဆုံး ကျသွားသည့် အဓိကမြို့လည်း ဖြစ်သည်။

တိုက်ပွဲများက ဒေသ၏ မြို့တော်အနီး တဖြည်းဖြည်းချင်း နီးကပ်လာချိန်တွင် ခါဆန်အတွက် တိုက်ပွဲ မတိုင်မီ ဧရိယာမှ ထွက်ခွာကြရန် အရပ်သားများကိုလည်း တိုက်တွန်းထားသည်။

ရှေ့တန်းစစ်မျက်နှာသည် ခါဆန်မြို့နှင့် ၁၈ မိုင်ခန့်မျှ အကွာတွင် ရှိနေကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောသည်။

လက်ရှိအချိန်အထိ အရပ်သားပြည်သူ ၇၀,၀၀၀ ထက်မနည်း ထွက်ပြေးခဲ့ကြပြီး ၎င်းတို့သည် ရုရှနှင့် ခရိုင်းမီးယားသို့ သွားရောက်နေကြကြောင်း ရုရှတာဝန်ရှိသူများက ပြောထားသည်။

သို့သော် ခါဆန်မြို့နေပြည်သူ အများအပြားသည် ၎င်းတို့၏ နေအိမ်များမှ ထွက်ခွာရန် ငြင်းဆန်ထားကြသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly