မြစ်ကြီးနားမြို့ ထွေအုပ်ရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

မြစ်ကြီးနားမြို့ ထွေအုပ်ရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

October 31

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထွေအထွေအုပ်ချုပ်ရေးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာသေဆုံးသူနှင့် ပြင်းထန်ဒဏ်ရာ ရရှိသူများရှိသည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ည ၆နာရီခွဲအချိန်ခန့်က မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက်က ဗုံးပေါက်ကွဲသံကို ကြားသိရသည်ဟု ဒေသခံထံမှ သိရသည်။

"ဗုံးပေါက်တာက အကျယ်ကြီးပဲ၊ အားပြင်းတယ်၊ ရုံးဘေးက ဝန်ထမ်းအိမ်ရာကလူတွေလည်း ထိခိုက်မှုတွေ ရှိခဲ့တယ်။ နောက်ပြီး ရုံးချိန်မဟုတ်ပေမယ့် ရုံးထဲမှာရှိနေသေးတဲ့ လူတချို့ထိတယ်လို့တော့ ပြောလာတယ်။ အသက်အန္တရာယ်က စိုးရိမ်ရတယ်" ဟု အမည်မဖော်လိုသည့် ထွေအုပ်အရာရှိတစ်ဦးက အတည်ပြုသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုများအပြင် နောက်ဆက်တွဲကိစ္စရပ်များကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့်ကပ်လျက်ရှိသည့် မြစ်ကြီးနားမြို့နယ် ထွေအုပ်ရုံးကို ကြိုတင်ချိန်ကိုက်မိုင်းတစ်လုံးဖြင့် ​ဌာနအတွင်းရှိ ဖရဲသီးများက ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ပြတော်လှန်ရေး PDF တပ်ဖွဲ့ဝင်အချို့က အတည်ပြုပြောသည်။

ထိုသို့ ထွေအုပ်ရုံး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ရုံးအဖွဲ့ဝင်ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ဗုံးပေါက်ကွဲခဲ့သည့် မြစ်ကြီးနားမြို့နယ်ထွေအုပ်ရုံးသည် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးချထားသော နေရာဖြစ်ပြီး ရုံးဝင်းအတွင်းသို့ ရုံးဝန်ထမ်းမှလွဲ၍ အခြားမည်သူမျှ ဝင်ထွက်သွားလာ၍ မရသည့်နေရာဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ကချင်ပြည်နယ်

#မြစ်ကြီးနားမြို့

#စစ်ကောင်စီ

#ထွေအုပ်ရုံး

#ပေါက်ကွဲမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required