နှစ်နိုင်ငံ တင်းမာမှုများ ရှိနေသော်လည်း အမေရိကန်ရှိ ပြည်ပကျောင်းသား အများစုမှာ တရုတ်နိုင်ငံမှ ဖြစ်နေ

နှစ်နိုင်ငံ တင်းမာမှုများ ရှိနေသော်လည်း အမေရိကန်ရှိ ပြည်ပကျောင်းသား အများစုမှာ တရုတ်နိုင်ငံမှ ဖြစ်နေ

အမေရိကန်သည် ယမန်နှစ် မေလနောက်ပိုင်း၌ တရုတ်ကျောင်းသားနှင့် ပညာတော်သင်ဗီဇာ ၁၅၅ ၀၀၀ ကျော် ထုတ်ပေးခဲ့ပြီး လက်ရှိအချိန်တွင် နှစ်နိုင်ငံတင်းမာမှုများရှိနေသော်လည်း အမေရိကန်ရှိ ပြည်ပကျောင်းသား အများစုမှာ တရုတ်နိုင်ငံမှ ၁၂ နှစ်ဆက်တိုက် ထိပ်ဆုံးမှ ပါဝင်နေဆဲဖြစ်သည်။

ထရမ့်အစိုးရလက်ထက်မှစ၍ ဗီဇာကန့်သတ်ခြင်းနှင့် ဆိုင်းငံ့ခြင်းများ စတင်လုပ်ဆောင်ခဲ့သော်လည်း အမေရိကန်သည် တရုတ်ကျောင်းသားများကို ကြိုဆိုနေမြဲဖြစ်ကြောင်း ပေကျင်းရှိ အမေရိကန်သံရုံးက အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပသည့်အစည်းအဝေး၌ ပြောသည်။

သံရုံး၏အဆိုအရ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီက အမေရိကန်တွင် တရုတ်ကျောင်းသား ၃၇၀ ၀၀၀ ကျော်ရှိသည်။

တရုတ်စစ်ဘက်ဆိုင်ရာခေတ်မီတိုးတက်ရေးကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဟု ထင်ရသော စစ်ဘက် သို့မဟုတ် တက္ကသိုလ်များနှင့်ဆက်နွှယ်သည့် တရုတ်ကျောင်းသားများကို ထရမ့်လက်ထက်တွင် ဗီဇာ ကန့်သတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။

အမေရိကန်သည် အထူးသဖြင့် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့်သင်္ချာဘာသာရပ် စသည့် (STEM) နယ်ပယ်တွင် ပညာသင်ယူနေသော ကျောင်းသားများကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နှောင့်ယှက်ခြင်း၊ စစ်ဆေး မေးမြန်းခြင်းနှင့် နေရပ်ပြန်ပို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု တရုတ်ပညာရေးဝန်ကြီးဌာနက ယမန်နှစ်တွင် စွပ်စွဲပြောဆိုခဲ့သည်။

အမေရိကန်လုံခြုံရေးအရာရှိများသည် နေရပ်ပြန်ပို့ခံရသော ကျောင်းသားအချို့အား နိုင်ငံတွင်းမှမထွက်ခွာမီ ၎င်းတို့၏ အီလက်ထရွန်းနစ်ပစ္စည်းများကို စစ်ဆေးကာ သိမ်းဆည်းမှုများပြုလုပ်သည်ဟု တရုတ်ပညာရေး ဝန်ကြီးဌာနက ပြောသည်။

“အမေရိကန် တက္ကသိုလ်တွေက အဆင့်အတန်း မြင့်မားတဲ့အတွက် တက္ကသိုလ်ရဲ့ အဆင့်အတန်းလွှမ်းမိုးမှု ခံနေရတဲ့ တရုတ်ကျောင်းသားတွေရဲ့ အမေရိကန်တက္ကသိုလ်အပေါ်အမြင်ကို တရုတ်နဲ့ အမေရိကန်အကြား နိုင်ငံရေး တင်းမာမှုက ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး” ဟု ဆုရစာအုပ်ဖြစ်သည့် Class Choreographies: Elite Schools and Globalisationကို ပူးတွဲရေးသားခဲ့သူ ဟောင်ကောင်တက္ကသိုလ်မှ ပညာရေးပါမောက္ခ အာရွန် ကော်ဆွန်လီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required