သမ္မတရှီကျင့်ဖျင်က မော်စီတုံးထက် ဩဇာအာဏာပိုရှိကြောင်း လေ့လာသူများ သုံးသပ်ပြောကြား

သမ္မတရှီကျင့်ဖျင်က မော်စီတုံးထက် ဩဇာအာဏာပိုရှိကြောင်း လေ့လာသူများ သုံးသပ်ပြောကြား

တရုတ်သမ္မတအဖြစ် တတိယမြောက်သက်တမ်းရယူနိုင်ခဲ့သော တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင့်ဖျင်လက်ထက်တွင် တရုတ်၌ စီးပွားရေး၊ နိုင်ငံခြားဆက်ဆံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သဘောထား တင်းမာသော မူဝါဒများကို မြင်တွေ့ရဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ဝါရှင်တန်အခြေစိုက် RFA ဌာနသို့ ပြောသည်။

နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သည့်စာရင်းအရ ရှီ၏ အကြီးပိုင်းလက်ထောက်များသည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီတွင် ရာထူးများ တိုးမြှင့်ခြင်းခံရသော်လည်း နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် ခေါင်းဆောင်ပိုင်းရာထူးနေရာများတွင် အမျိုးသမီးတစ်ဦးမျှ မခန့်အပ်ခဲ့ပေ။

ဥက္ကဋ္ဌ ရှီသည် တရုတ်နိုင်ငံတွင် အာဏာဗဟိုချက်ဖြစ်နေပြီး မည်သူကမျှ ၎င်းကို ဆန့်ကျင်နိုင်စွမ်းမရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အကြိမ် ၂၀ မြောက် ပါတီညီလာခံက သက်သေပြခဲ့သည်။

ရှီသည် ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီကို ရင်းနှီးသောမဟာမိတ်များဖြင့် ဖွဲ့စည်းထားပြီး ယခုအခါ ၎င်းစိတ်ကြိုက်ပြုမူနိုင်ပြီဖြစ်ကြောင်း ဂျာမနီအခြေစိုက် မွန်ဂိုတိုင်းရင်းသားအခွင့်အရေးလှုပ်ရှားသူ ရှီဟိုင်မင်းက ပြောသည်။

“ဒါဟာ နောက်ဆုံး ရူးသွပ်မှုပါပဲ။ ရှီဟာ အာဏာရှင်တစ်ဦးအနေနဲ့ရော ဧကရာဇ်ရှီအနေနဲ့ပါ ဗြောင်ကျကျ ပေါ်ထွက်လာခဲ့ပါပြီ” ဟု ရှီဟိုင်မင်းက ထိုင်ဝမ်၌ကျင်းပသော နိုင်ငံရေးဖိုရမ်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မော်စီတုံးခေတ်သို့ပြန်ရောက်နေကြောင်း အမည်မဖော်လိုသူ တရုတ်သတင်းထောက်တစ်ဦးက ပြောသည်။

လေ့လာသုံးသပ်သူ ဝမ်ကျိဂန်းက “စုပေါင်းခေါင်းဆောင်မှုဆိုတဲ့ စနစ်ဟောင်းက တကယ့်ကို အဆုံး သတ်သွားပါပြီ။ စုပေါင်းခေါင်းဆောင်မှုဆိုတာ မရှိတော့ပါဘူး။ ခေါင်းဆောင်က တသီးတခြား ထိုင်နေပြီး ပါတီအထက်က ခေါင်းဆောင်တစ်ဦးသာဖြစ်ပါတယ်” ဟု ဆိုသည်။

ရှီသည် လီချန်းကို ဒုတိယခေါင်းဆောင်ရာထူးပေးကာ ခေါင်းဆောင်ဟောင်း မော်စီတုံးထက် ဝန်ကြီးချုပ်ခန့်အပ်ခွင့်အာဏာ ပိုရှိသည်ဟု အကြီးတန်းတရုတ်သုတေသီ ဝူဂေါင်ကွမ်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly