တိုက်ပွဲဆက်နေသော မိုးမောက်၌ ပြည်သူ ၂ ဦးထပ်မံထိခိုက်

တိုက်ပွဲဆက်နေသော မိုးမောက်၌ ပြည်သူ ၂ ဦးထပ်မံထိခိုက်

အောက်တိုဘာလ ၂၉ ရက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့ နယ်တွင် တိုက်ပွဲရက်ဆက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိလာနေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲပြင်းထန်နေသည့် မိုးမောက်မြို့နယ်တွင် ယနေ့မွန်းလွဲ နှစ်နာရီဝန်းကျင်အချိန်လောက်က စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေသခံနှစ်ဦး ထပ်မံထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံကချင်သတင်းရင်းမြစ်များက ဆိုသည်။

မိုးမောက်မြို့ ခါနန်ရပ်ကွက်(၃)တွင် လက်နက်ကြီးကျည် သုံးလုံး လူနေအိမ်တွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"လက်နက် သုံးလုံးကျတယ်၊ တစ်လုံးက အိမ်ရှေ့က ရေစင်ဘေးမှာကျတယ်လို့ ပြောတယ်။ ကျန်တာက ဘယ်ဖက်ကိုကျလဲမသိဘူး။ ဒေသခံအမျိုးသမီးတစ်ယောက်တော့ လက်ထိသွားတယ်ပြောတယ်။ အခုတော့ ဆေးရုံကားနဲ့လာသယ်ပြီး ဗန်းမော်ဆေးရုံဘက်ကို သွားလိုက်ကြပြီ။ ” ဟု သတင်းရင်းမြစ်ဖြစ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ထိုထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ကနဦးစုံစမ်းရရှိထားသော်လည်း နောက်ထပ်ထိခိုက်ခဲ့သူရှိကြောင်း ကြားသိရ၍ ၎င်းနှင့်ပတ်သက်ပြီး Mizzima မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ယမန့်နေ့ မွန်းလွဲပိုင်းက မိုးမောက်မြို့နယ် ခါနန်ရပ်ကွက် (၃) ရှိ နောင်ပေါင်းလမ်းကြားတွင် ကေအိုင်အေတပ်၏ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ယခုလို စစ်ကောင်စီတပ်က ရမ်းသန်းပစ် ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် ပြည်သူများက ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

မိုးမောက်မြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခ.မ.ရ - ၄၃၇) မှ လက်နက်ကြီးများဖြင့် မိုးမောက်မြို့ ဒေသအခေါ် လုံဂျာတောင်သို့ ပစ်ခတ်နေခြင်း ဒေသခံများက အခုလို ထိခိုက်သေဆုံးမှုရှိလာခဲ့ရတာဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်များက အတည်ပြုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဗန်းမော်မြို့မံခွန်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးလည်း ထိခိုက် သေဆုံးခဲ့သေးသည်။

မိုးမောက်မြို့နယ် လုံဂျာတောင်အနီး ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့အကြား ငါးရက်ထက်မနည်း တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး၊ တိုက်ပွဲဖြစ်ပွားနေသည့် အနီးဝန်းကျင်ရှိ ဝဝမ်၊ နောင်ပေါင်း၊ လုံဂျာကျေးရွာများနှင့် ခါနန်ရပ်ကွက်မှ ပြည်သူ ၂၀၀ ကျော်လည်း ထပ်မံ စစ်ဘေးတိမ်းရှောင်နေရကြောင်း ကနဦးစုံစမ်းသိရှိထားသည်။

ယခုတိုက်ပွဲရက်ဆက်နေသော မိုးမောက်မြို့နယ် လုံဂျာတောင်သည် ကေအိုင်အေတပ်မဟာ (၃) အောက်ရှိ အမှတ် (၁၅) လှုပ်ရှားတပ်ရင်းနယ်မြေဖြစ်ပြီး၊ ကချင်ဒေသ တစ်ကျော့ပြန်စစ်ပွဲ အစဖြစ်စေခဲ့သော ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က တိုက်ပွဲစဖြစ်ခဲ့သည့် တပ်ရင်းနယ်မြေလည်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly