NLDအစိုးရလက်ထက် စီမံ ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ပြန်လည်လွတ်မြောက်

NLDအစိုးရလက်ထက် စီမံ ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ပြန်လည်လွတ်မြောက်

အောက်တိုဘာလ ၂၉ ရက်

NLDအစိုးရလက်ထက် စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းက ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

“သူကတော့ ကျန်းမာရေးအရတော့ ကင်ဆာဝေဒနာခံစားနေရပြီး သူဆေးပုံမှန်သွင်းနေရတဲ့အလုပ်တော့ လုပ်နေရပါတယ်ဗျ။ လွတ်မြောက်ခြင်းကတော့ ဘာကြောင့်မလို့ လွှတ်ပေးလိုက်တယ် ဆိုတဲ့အကြောင်းအရင်းတော့ ကျွန်တော်မသိပါဘူးဗျ”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အသက် ၈၀​ ကျော်အရွယ် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့က နိုင်ငံတော်လျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)/၉ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရကာ ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။

မစ္စတာရှောင်တာနယ်လ်၏ ကွန်ပျူတာနှင့် စာရွက်စာတမ်းများတွင် တွေ့ရှိချက်များအရဟုဆိုကာ မစ္စတာရှောင်တာနယ်လ်နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးဆက်အောက်တို့ကို ပူးတွဲတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ငါးဦးကို နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးက တစ်ဦးလျှင် ထောင်ဒဏ်သုံးနှစ်စီချမှတ်ခဲ့ပြီးနောက် ပြည်​ထောင်စုဝန်ကြီးဦးစိုးဝင်းအား တစ်လခန့်အကြာတွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“အဲ့ဒီအဖွဲ့ထဲကတော့ ဒီအုပ်စုပေါ့ ငါးဦးထဲမှာတော့ ဝန်ကြီးဦးစိုးဝင်းတစ်ယောက်ပဲပြန်လွတ်တာပါဗျ။ တခြားလူတော့ မကြားမိပါဘူးဗျ” ၎င်းက ဆိုသည်။

ပုဒ်မ ၁၃၀(က)ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်ဦးမြင့်နိုင်တို့လည်း အောက်တိုဘာလ ၂၆ရက်နေ့က ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly