စစ်ကောင်စီ လက်ထက်တွင် လူသတ်မှုအပါအဝင် ခိုးဆိုးလုယက်မှုများကို ဗြောင်ကျကျ ကျူးလွန်လာ

စစ်ကောင်စီ လက်ထက်တွင် လူသတ်မှုအပါအဝင် ခိုးဆိုးလုယက်မှုများကို ဗြောင်ကျကျ ကျူးလွန်လာ

အောက်တိုဘာလ ၂၉ ရက်

စစ်ကောင်စီလက်ထက်တွင် လူသတ်မှု အပါအဝင် ခိုးဆိုးလုယက်မှုများ များပြားလာနေပြီး အချို့ဖြစ်စဉ်များသည် လူမြင်ကွင်းများတွင် ဗြောင်ကျကျ ပေါ်ပေါ်တင်တင် ကျူးလွန်လာနေကြ သည်ကို တွေ့မြင်လာရသည်။

ယခုလ အောက်တိုဘာ ၁၄ ရက်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၀၅ ရပ်ကွက် ချမ်းမြသာစည်လမ်းတွင် နေထိုင်သော အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာ ရေမြောင်းအတွင်းရှိ နွံထဲတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတစ်ခုတွင် မျှဝေဖော်ပြထားသည်ကိုတွေ့ရသည်။

အဆိုပါ မိန်းကလေးငယ်သေဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူက အဓမ္မပြုကျင့်ကာ ရေမြောင်းအတွင်းရှိ နွံထဲတွင် အလောင်းဖျောက်ရန်ရည်ရွယ်ချက်ဖြင့် နှစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု မှတ်ချက် ပြုရေးသားသူများရှိသည်ကိုလည်း တွေ့ရသည်။

ယင်းဖြစ်စဉ်အတွက် မဇ္ဈိမက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရပေ။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်ကနေကလည်း လှိုင်သာယာမြို့နယ်အတွင်း နေအိမ်ရှေ့တွင် ရပ်ထားသော ဆိုင်ကယ်ခိုးယူခံရသည့် ဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခဲ့ရသူ အမည်မဖော်လိုလိုသည့် မဇ္ဈိမ၏ သတင်းရင်းမြစ်က ကြုံတွေ့ခဲ့ရပုံအား ယခုလိုရှင်းပြသည်။

“ ဆိုင်ကယ်ကို အိမ်ရှေ့မှာ ရပ်ထားပြီး အိမ်အပေါ်(ပထမထပ်)ကို တက်ပြီး ရေသောက်တယ်။ ပြန်ထွက်လာတော့ ဆိုင်ကယ်မရှိတော့ဘူး။ အများဆုံးကြာရင် မိနစ် ၂၀ ပေါ့ဗျာ။ ကျွန်တော် ဇက်သော့လည်းခတ်ခဲ့တာ။ ဘယ်လို လုပ်ခိုးသွား တယ်ဆိုတာ မပြောပြတတ်တော့လောက်အောင်ပဲ။ လျှပ်တစ်ပြက် အချိန်လေးအတွင်းမှာ ဖြစ်သွားတာ အံသြလို့မဆုံးဘူး” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက လှိုင်သာယာမြို့နယ်တွင် ခိုးယူခံရသည့် ဆိုင်ကယ်များမှ နှစ်စီးခန့် ပြန်လည်ရရှိသော်လည်း အများစုမှာ ပြန်လည်ရရှိခြင်းမရှိဟု ဆိုသည်။

ထိုပြင့် လှိုင်သာယာမြို့နယ်ရှိ အထပ်မြင့် တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာများတွင် နေထိုင်သူအချို့မှာ ခိုးယူခြင်းမှကာကွယ်နိုင်ရန် ၎င်းတို့၏ ဆိုင်ကယ်များကို အသံစနစ်ထည့်သွင်း၍ ကာကွယ်ထားကြသော်လည်း ခိုးယူခံနေရမြဲသာဖြစ်သည် ဟုဆိုသည်။

“ဆိုင်ကယ်သူခိုးက အုပ်စုနဲ့ခိုးတာဗျ။ ဆိုင်ကယ်ကို ထိတာနဲ့ အသံစနစ်ထည့်ထားတဲ့ ဆိုင်ကယ်တောင် ခိုးခံရတာမျိုးတွေလည်း ရှိတယ်။ ခိုးလို့ရတဲ့ ဆိုင်ကယ်တွေကို တစ်စဆီဖြုတ်ပြီး ရတဲ့ဈေးနဲ့ ပြန်ရောင်းကြတာ။ ဒီမှာက ဆိုင်ကယ်အများဆုံး ခိုးယူမှုတွေရှိသလို လုယက်ခံရတာတွေလည်း ရှိတယ်” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်က ပြောသည်။

အလားတူ ပြီးခဲ့သည့်လ စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဒေါ်သိန်းတင်လမ်းမကြီးအပေါ်တွင် လူသုံးဦးက အမျိုးသမီးတစ်ဦးအား ဓားထောက်ကာ ဆွဲကြိုးဖြတ်လုယက်ခဲ့မှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် လူသုံးဦးက အမျိုးသမီး၏ လည်ပင်းကိုဓားထောက်၍ “အသံထွက်ကြည့် ဆောင့်ထိုးလိုက်မယ်” ဟု ခြိမ်းခြောက်ကာ လုယက်ခဲ့ ခြင်းဖြစ်သည်ဟု ဆွဲကြိုး လုယက်ခံရသူက လူမှုကွန်ရက်တွင် ပြန်လည်ရေးသား မျှဝေထားသည်ကိုတွေ့ရသည်။

အလားတူ စက်တင်ဘာ ၂၀ ရက်ကလည်း ရန်ကုန်မြို့ အင်းစိန်လမ်းမ၊ မာလာမှတ်တိုင်အနီးတွင် အလုပ်သွားသည့် မိန်းကလေးငယ်တစ်ဦးကို လူနှစ်ဦးက ကားပေါ်သို့ဆွဲတင် မောင်းပြေးခဲ့ပြီး ရိုက်နှက်နေစဉ် အမြင်မတော်သည့် လူငယ်နှစ်ဦးက နောက်မှကားဖြင့်လိုက်၍ အဆိုပါကားရှေ့တွင် ပိတ်ရပ်ကာ ကူညီခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ မိန်းကလေးမှာ ကူညီမည့်သူ ပေါ်လာသည့်အတွက် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘဲ နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ပုံကို ရေးသားမျှဝေထားသည့် ပို့စ်တစ်ခုအား မဇ္ဈိမက တွေ့ရှိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန် နှင့် မန္တလေးမြို့ အပါအဝင် အခြား ပြည်နယ်နှင့် တိုင်းများတွင် လူသတ်မှု၊ မုဒိမ်းမှု၊ အကြမ်းဖက်လုယက်မှု၊ ခိုးမှု၊ ခါးပိုက်နှိုက်မှုများသည် နေရာစုံတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားနေခြင်းဖြစ်သည်။ ထိုသို့ ဖြစ်ပွားလျက်ရှိသည့် အပေါ် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အနေဖြင့် ဖြေရှင်းပေးနိုင်မှု အလွန် အားနည်းလျက်ရှိသည်ကို တွေ့မြင်နေရသည်။

ထိုသို့ ခိုး၊ ဆိုး၊ လုယက်၊ လူသတ်၊ ဓားပြတိုက်မှုများကို ဗြောင်ကျကျ ပေါ်ပေါ်တင်တင် ကျူးလွန်မှုများ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့နေပြည်သူတစ်ဦးက ၎င်း၏ အမြင်ကို ယခုကဲ့သို့ သုံးသပ် ပြောကြားသည်။

“ ကိုယ့် လုံခြုံရေးကိုယ်ယူရတဲ့ အခြေအနေ ခေတ်အချိန်အခါ ကိုရောက်နေပြီလို့ပဲ ပြောချင်တယ်။ ဒီလိုကိစ္စမျိုးတွေဖြစ်လာရင် လူတိုင်းက ရဲစခန်းလည်း မသွားချင်ဘူး။ တိုင်ပြန်ရင်လည်း လက်ရှိအနေအထားမှာ သူတို့ကဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး ဆိုတာကို လူထုက သိလာနေတယ်။ သူတို့တောင် သူတို့ကို ဘယ်သူ လာပစ်မလဲ။ ဗုံးဘယ်အချိန်လာခွဲခံရမလဲ ဆိုပြီးဖြစ်နေတာ။ လုံခြုံရေး ယူထားရတဲ့အချိန်မှာ သွားတိုင်လည်း တိုင်တာပဲရှိမယ်။ ရဲလုပ်ငန်းစဉ်တွေ ဘာမှလုပ်လို့ မရတော့ဘူး။ ကျူးလွန်တဲ့ သူတွေကလည်း ဒါကိုသိတယ်။ တောမီးလောင်ချိန် တောကြောင် လက်ခမောင်းခတ်ဆိုသလိုပေါ့။ အရင်ကလည်း ဒါမျိုးတွေရှိပေမယ့် လူမြင်ကွင်းလို နေရာမျိုးမှာ ရဲရဲတင်းတင်းမလုပ်ရဲကြဘူး။ အခု ဒါတွေက ပေါ်ပေါ်ထင်ထင်ကို လုပ်လာ နေကြတာ တွေ့လာရတယ်”

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly