နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် အာဆီယံအပါအဝင် နိုင်ငံတကာနှင့် လက်တွဲ၍ ပူးပေါင်း ဆောင်ရွက်မည်ဟု PPST အသိပေးထုတ်ပြန်

နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် အာဆီယံအပါအဝင် နိုင်ငံတကာနှင့် လက်တွဲ၍ ပူးပေါင်း ဆောင်ရွက်မည်ဟု PPST အသိပေးထုတ်ပြန်

အောက်တိုဘာလ ၂၉ ရက်

မြန်မာ့နိုင်ငံရေးပြဿနာအား ဖြေရှင်းရာတွင် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အစဉ်တစိုက် လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ယမန်နေ့ အောက်တိုဘာ ၂၈ရက် နေ့က အသိပေးထုတ်ပြန်သည်။

PPST ၏ ၂/၂၀၂၂ အစည်းအဝေးကို အောက်တိုဘာ ၂၇ ရက်မှ ၂၈ရက်နေ့အထိ Video Conference စနစ်ဖြင့် နှစ်ရက်ကြာပြုလုပ်ခဲ့ပြီး လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ အရပ်သား ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း PPST က ထုတ်ပြန်ခဲ့ သည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် ၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းဖြစ်စဉ်နှင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါကျေးရွာဖြစ်စဉ်တို့တွင် လေကြောင်းအင်အား အလွန်အကျွံ အသုံးပြုပြီး တိုက်ခိုက်ခံရခြင်းအပေါ် ပြည်သူများ အသက်ဆုံးရှုံးရသည့်အတွက် များစွာ စိတ်မကောင်းဖြစ်မိကြောင်း ဆိုထားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် ကြိုးပမ်း အားထုတ်မှုများအပေါ် အနုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည့်အတွက် သက်ဆိုင်သူများအနေနှင့် လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများအား ပိုမိုဆိုးရွားစေမည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို ရှောင်ရှားကြရန်နှင့် နောက်နောင်မဖြစ်ပေါ် စေရေး PPST က တိုက်တွန်းထားသည်။

ထို့ပြင် အဆိုပါ နှစ်ရက်တာ အစည်းအဝေးအတွင်း အမျိုးသမီးဦးဆောင်အစီအစဉ်က ရေးဆွဲတင်ပြလာသည့် ဂျဲန်ဒါ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမဟာဗျူဟာအား Working document အဖြစ်လက်ခံအတည်ပြုခဲ့ပြီး NCA-SEAO တစ်ဖွဲ့ချင်းအတွင်းတွင် သော်လည်းကောင်း၊ သက်ဆိုင်ရာ Stakeholdersများနှင့်သော်လည်းကောင်း ညှိနှိုင်းဆွေးနွေးပြီး ပိုမိုပြည်စုံအောင်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

PPST အနေဖြင့် ရပ်တည်ချက် အခြေခံမူ သုံးချက်ဖြစ်သော နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး ၊ သက်ဆိုင်သူအားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့်အရပ်သားများအား အကာအကွယ်ပေးရန် စသည့် မူအပေါ် ခိုင်မာစွာ ရပ်တည်သွားမည်ဖြစ်ကြောင်းဆိုသည်။

ထို့အပြင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်နှင့် ဖက်ဒရယ်ဒီမိုကရစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် လှိုင်းလေထန်သော နိုင်ငံရေးမုန်တိုင်း အကြား မမှိတ်မသုန် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုသို့ဖွဲ့စည်းထားသော်လည်း NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF) တို့သည် စစ်ကောင်စီက အကောင် အထည်ဖော်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ အသိအမှတ်ပြု၍ တက်ရောက်ဆွေးနွေးခြင်း မရှိပေ။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly