ဟင်္သာတမြို့တွင် ဗုံးပေါက်ကွဲခဲ့သည့်နေရာအနီးရှိ သုသာန်ဟောင်းကို စစ်ကောင်စီက ရှင်းလင်းခိုင်း

ဟင်္သာတမြို့တွင် ဗုံးပေါက်ကွဲခဲ့သည့်နေရာအနီးရှိ သုသာန်ဟောင်းကို စစ်ကောင်စီက ရှင်းလင်းခိုင်း

အောက်တိုဘာလ ၂၉ ရက်

ဧရာဝတီတိုင်း ၊ဟင်္သာတမြို့၊ ဗိုလ်ချုပ်ကြေးရုပ် ဟင်္သာတအဝိုင်းပတ်အနီး အောက်တိုဘာလ ၁၃ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဥ်ထိန်းရဲတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ထို့နောက် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာအနီးရှိ သုသာန်ဟောင်းကို စစ်ကောင်စီတပ်များက အောက်တိုဘာလ ၂၆ ရက်နေ့မှစတင်ကာ ရှင်းလင်းခိုင်းနေသည်ဟု ဒေသခံများထံကသိရသည်။

အဆိုပါ သုသာန်ဟောင်းသည် ဟင်္သာတမြို့၊ အဝိုင်းပတ်အနီး၊ အထက(၅) ကျောင်းရှေ့၊ မဟာဗန္ဓုလမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်တွင်တည်ရှိသည်ဟု ဒေသခံတစ်ဦးကပြောသည်။

"ဗုံးပေါက်တဲ့အနားမှာ အစ္စလာမ် သင်္ချိုင်းဟောင်းရှိတယ်။

ယာဥ်ထိန်းတွေ အဲ့ဒီအနားမှာလာစစ်နေတုန်း သင်္ချိုင်းခြံစည်းရိုးနားက ပေါက်တာဆိုတော့ သင်္ချိုင်းထဲကထွက်လာပြီး ဗုံးဖောက်တယ်လို့ ယူဆတာထင်တယ်။ ဟင်္သာတမြို့ပေါ် ဗလီ ငါးခုက အစ္စလာမ်ဘာသာဝင်တွေကိုခေါ်ပြီး ရှင်းလင်းခိုင်းနေတာပါ။ သူတို့ဖာသာ ရန်ပုံငွေရှာပြီးလုပ်နေရတယ်လို့သိရတယ်။ PDF တွေက အဝေးထိန်းနဲ့ဖောက်သွားတာကို မဆိုင်တာတွေလျှောက်လုပ်နေတယ်"ဟု ၎င်းကဆိုသည်။

သုသာန်ဟောင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ခြံစည်းရိုးအုတ်တံတိုင်းများအပြင်၊ အစ္စလာမ်ဘာသာဝင်များ သေဆုံးသည့်အခါ မြေမမြှုပ်မီ အသုံးပြုသည့် အဆောက်အဦတစ်ခုကိုပါ ဖြိုချဖျက်ဆီးခိုင်းနေသည်ဟု ဒေသခံကဆက်လက်ပြောသည်။

၎င်းအပြင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း မတရားဖမ်းဆီးမှုများ၊ ပိတ်ဆို့စစ်ဆေးမှုများနှင့် မြို့အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်အင်အားများ တိုးမြှင့်ချထားကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင်လည်း စစ်ကောင်စီ တပ်များနှင့် ရဲများက PDF များခိုနေနိုင်သည်ဟုဆိုကာ လမ်းဘေးသစ်ပင်များ၊ ခြုံနွယ်များကို ရှင်းလင်းခိုင်းနေသည်ဟု သက်ဆိုင်ရာမြို့နယ်များရှိ ဒေသခံများထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly