အညာတွင် ကာကွယ်ရေးတပ်ဖွဲ့အား ထမင်းဖိတ်ကျွေးကာ ကျောက်စိမ်းအတွဲ ၃ တွဲအား တော်လှန်ရေးအတွက် လှူဒါန်း

အညာတွင် ကာကွယ်ရေးတပ်ဖွဲ့အား ထမင်းဖိတ်ကျွေးကာ ကျောက်စိမ်းအတွဲ ၃ တွဲအား တော်လှန်ရေးအတွက် လှူဒါန်း

အောက်တိုဘာလ ၂၉ ရက်

စစ်ကိုင်းတိုင်းဒေသကြီး တစ်နေရာတွင်နေထိုင်သည့် ဒေသခံမိသားစု တစ်စုက 96 Solidiers – PDF (အညာဒေသတပ်ခွဲ)ကို ထမင်းဖိတ်ကျွေးပြီးနောက် ကျောက်စိမ်းအတွဲ သုံးတွဲကို တော်လှန်ရေးအတွက် အသုံးပြုနိုင်ရန် လှူဒါန်းခဲ့ကြောင်း သိရသည်။

အညာဒေသရှိ အသက် (၆၀) ဝန်းကျင်အရွယ် လင်မယားနှစ်ဦးက ၎င်းတို့၏ သားသမီးများ ကန်တော့ထားသည့် ကျောက်စိမ်းများကို ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ လှုပ်ရှားနေမှုကို မြင်တွေ့ကြားသိတဲ့ မိသားစုတစ်စုက ထမင်းစားလာပါပေါ့၊ ဖိတ်တော့ သွားတယ်၊ သွားတဲ့အချိန်မှာ သူတို့မှာ ရှိတဲ့ ကျောက်စိမ်းတွေကို ထုတ်ပြလာတာ၊ ဒါတွေက ခင်ဗျားတို့ တပ်ဖွဲ့ကို ကူဖို့ပါဆိုတော့ ကျွန်တော်တို့ နည်းနည်း အံသြသွားတယ်၊ သူတို့မှာရှိတဲ့ ချွေးနှဲစာတွေ ကို တော်လှန်ရေးအတွက် ထည့်ဝင်တဲ့အတွက် များစွာ ဝမ်းသာရပါတယ်။” ဟု 96 Solidiers – PDF (အညာဒေသတပ်ခွဲ)မှ ကိုဇေယျာလွင်က မဇ္စျိမကို ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းခဲ့သည့် ကျောက်စိမ်းများသည် ရောင်းတန်းကျောက်များဖြစ်ပြီး တော်လှန်ရေးအမြန်ပြီးမြောက်စေရန်အတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုရန် ထည့်ဝင်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့က အသက်ကြီးနေပြီ။ သူတို့ သားသမီးတွေကလည်း ဒီတော်လှန်ရေးမှာ အများကြီး မပါဝင်နိုင်ဘူး၊ အဲ့တော့ ပါဝင်လှုပ်ရှားနေတဲ့ ကျွန်တော်တို့လို လူငယ်တွေ အဖွဲ့အစည်းတွေကို ထောက်ပံ့ချင်တဲ့အတွက် သူတို့မှာ ရှိတဲ့ ပစ္စည်းတွေကို ထည့်ဝင်ချင်ပါတယ်ဆိုပြီး လှူဒါန်းတာပါ။” ဟု ကိုဇေယျာလွင်က ဆိုသည်။

အညာဒေသ မိသားစုတစ်စုက လှူဒါန်းခဲ့သည့် ကျောက်စိမ်းအတွဲသုံးတွဲကို ကာကွယ်ရေးတပ်ဖွဲ့က လက်ခံရယူပြီးနောက် မဲလက်မှတ်စနစ်ဖြင့် ပြည်သူများထံ ပြန်လည်ရောင်းချကာ ငွေသားအဖြစ် ပြောင်းလဲနိုင်ရန် စီစဉ်နေသည်။

မဲလက်မှတ် စနစ်ဖြင့် ရောင်းချမှုမှ ရရှိလာသည့် ငွေကြေးများကို တပ်ဖွဲ့အတွက် လိုအပ်သည့် လက်နက်ခဲယမ်းများ ဖြည့်တင်းဝယ်ယူရာတွင် ပြန်လည်အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

“မဲလက်မှတ်ရောင်းပြီး ငွေသားအဖြစ် ပြန်ပြောင်းတဲ့ ပုံစံပဲ လုပ်ကြရမှာပေါ့။ တစ်လအတွင်း ဖြစ်နိုင်အောင် လုပ်ပါမယ်။ ရလာတဲ့ ငွေကြေးတွေကို လက်နက်ခဲယမ်းမီးကျောက် ဖြည့်တင်းဖို့အတွက် ရည်ရွယ်ပါတယ်။” ဟု ကိုဇေယျာလွင်က ဆိုသည်။

နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သည့် 96 Soldiers - PDF တပ်ဖွဲ့သည် တောင်ပိုင်းတိုင်း၌ ကျားဖြူတပ်ခွဲ(၂) အဖြစ် စတင်တည်ထောင်ခဲ့ပြီးနောက် အညာဒေသတပ်ခွဲကို သြဂုတ်လ ၁၃ ရက်နေ့တွင် ထပ်မံဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖွဲ့စည်းပြီးနောက် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများကို တိုက်ခိုက်မှုများပြုလုပ်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly