ပြည်ပရောက်မြန်မာများ​၏ လုပ်ခလစာတွင် တစ်ဒေါ်လာ ၃၀ကျပ် အပိုထပ်ဆောင်းပေးမည်ဟု ဗဟိုဘဏ်ဆို

By မေဘယ်လ်သူ
29 October 2022
ပြည်ပရောက်မြန်မာများ​၏ လုပ်ခလစာတွင် တစ်ဒေါ်လာ ၃၀ကျပ် အပိုထပ်ဆောင်းပေးမည်ဟု ဗဟိုဘဏ်ဆို

October 29

(မဇ္ဈိမ)။ ။ ပြည်ပရောက် မြန်မာလုပ်သားများ​၏လုပ်ခလစာများ ပြည်တွင်းသို့ပြန်လည်ပေးပို့ရာတွင် တစ်ဒေါ်လာလျှင် ၃၀ကျပ် အပိုထပ်ဆောင်းပေးမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

အဆိုပါကြေညာချက်အား နိုဝင်ဘာ ၁ ရက်တွင် စတင်သွားမည်ဟု ယမန်နေ့ အောက်တိုဘာလ ၂၈ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါ "ထပ်ဆောင်းအပိုငွေပေးအပ်ခြင်းမှာ ပြည်ပရောက်မြန်မာလုပ်သားများအနေဖြင့် ပြည်တွင်း၌ နိုင်ငံခြားငွေကို တစ်ဖက်တစ်လမ်းမှာ ရှာဖွေပေးနေသည့် အတွက် ဂုဏ်ပြုခြင်းဖြစ်ကြောင်း" ဗဟိုဘဏ်က ဆိုသည်။

ထို့အပြင် အပိုထပ်ဆောင်းငွေ ၃၀ကျပ်ကို ပြည်တွင်းရှိ နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့်ရှိသည့် လိုင်စင်ရဘဏ်များမှ တစ်ဆင့် ပြန်လည် လွှဲပို့လာသည့် လုပ်ခလစာများကို ထပ်ဆောင်းပေးမည့် အစီအစဉ်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

"ဗဟိုဘဏ်က ရည်ညွှန်းထားတဲ့ ငွေလဲနှုန်းတွေထက် ၃၀ကျပ် အပိုပေးမယ်ဆိုပြီး မက်လုံးပေးတဲ့သဘောပါပဲ" ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထို့အပြင် ပြည်ပမှ ပြန်လည် လွှဲပို့သည့် လုပ်ခလစာများတွင် ဒေါ်လာအပြင် အခြားသော နိုင်ငံခြားငွေကြေးများလည်း အကျုံးဝင်ကြောင်း သိရသည်။

အဆိုပါ ထပ်ဆောင်းအပိုငွေများကို ပြည်တွင်း၌ ငွေထုတ်ယူသည့်နေ့၌ တစ်ပါတည်း တွက်ချက်ကာ ချက်ချင်းပေးဆောင်သွားမည် ဟုသိရသည်။

လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ် ရည်ညွှန်းဈေး သတ်မှတ်ထားသော်လည်း ပြင်ပငွေလဲဈေးကွက်တွင် ၃,၀၀၀ ကျပ်ဝန်းကျင်ထိ လဲလှယ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီ

#ဗဟိုဘဏ်

#ပြည်ပရောက်မြန်မာများ

#အပိုထပ်ဆောင်းငွေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required