အောက်တိုဘာလ ၂၈ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးခဲ့ကြသူများအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းဖြင့် "မီးပိတ်သပိတ် လူထုလှုပ်ရှားမှု" ပြုလုပ်ရန် လူထုသပိတ်ကော်မတီများမှ တိုက်တွန်းထားရာ ရန်ကုန်မြို့နေပြည်သူများ ပါဝင်ဆင်နွှဲခဲ့သည်။
"မီးပိတ်သပိတ် လူထုလှုပ်ရှားမှု" ကို ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ စစ်လေယာဉ်များဖြင့် အနန့်ပါကို ဗုံးကြဲတိုက်ခိုက်ချိန်ဖြစ်သော ည ၈ နာရီ ၃၀ မိနစ်မှ စတင်ပြုလုပ်ရာ ၁၀ မိနစ်ကြာ နေအိမ်မီး၊ လမ်းမီး၊ အဆောက်အဦမီးများကို မှိတ်၍ ထိုက်သင့်အားလျော်စွာ ပြည်သူများက ပါဝင်ခဲ့ကြောင်း သိရသည်။
“မီးပိတ်သပိတ်မှာပါဝင်ခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီကို အကြမ်းမဖက်ဘဲနဲ့ တော်လှန်နည်းတစ်မျိုးပါပဲ။ အနန့်ပါမှာ သေဆုံးခဲ့ကြသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်သဘော သက်ရောက်ပါတယ်။ ကိုယ့်ပိုင်နက်မှာ ကိုယ့်အိမ်မီး ဖွင့်ချင်ဖွင့်မယ်၊ ပိတ်ချင်ပိတ်မယ် ကိုယ့်လွတ်လပ်ခွင့်ပါ။ ဘယ်သူ့ကိုမှ မထိခိုက်သ၍ အပြစ်မရှိပါဘူး။ ဒါကြောင့် ရဲရဲဝံ့ဝံ့ဆင်နွှဲခဲ့ပါတယ်။” ဟု မြောက်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက မီးပိတ်သပိတ်၌ ပါဝင်ဆင်နွှဲပုံကို ပြောသည်။
အလားတူ တာမွေမြို့နယ်နေ ပြည်သူတစ်ဦးကလည်း ယခုလိုပြောသည်။
“ဒီနေ့ မီးပိတ်သပိတ်လုပ်ဖို့ရှိတော့ စကစ အောက်ဆွဲတွေက မီးဖြတ်လိုက်ဖို့ ပြောနေကြတယ်။ ဟန်ငြိမ်းဦး လော်ဘီချန်နယ်က အဆိုးဆုံး။ ဘယ်သူ့မှထိခိုက်မှုမရှိတဲ့ မီးအဖွင့်အပိတ်ကိုတောင် ကြောက်ကြတာ။ မီးဖြတ်တော့လည်း EPC ကကောင်တွေ ဝင်ကူညီတယ်လို့တောင် သတ်မှတ်လိုက်ဦးမယ်။ အဖျက်သမားတွေရှိနေပေမယ့် ဒီနေ့ သပိတ်ကို လူထုက ပါဝင်ကြပါတယ်။ သွေးမအေးသေးကြောင်း ပြနိုင်တဲ့အခွင့်အရေးဖြစ်ခဲ့ပါတယ်။” ဟူ၍ ဖြစ်သည်။
ယနေ့ပြုလုပ်ခဲ့သော “မီးပိတ်သပိတ် လူထုလှုပ်ရှားမှု”၌ ရန်ကုန်မြို့ရှိ ပြည်သူအများအပြား ပါဝင်ဆင်နွှဲခဲ့သော်လည်း အချို့သော မြို့နယ်၊ ရပ်ကွက်တို့တွင်တော့ ပုံမှန်အခြေအနေတိုင်း နေထိုင်နေကြကြောင်း သတင်းရင်းမြစ်က ပြောသည်။ ထို့ကြောင့် မြို့နယ်အသီးသီးရှိ ဒေသခံများကို ထပ်မံမေးမြန်းရာ” မီးပိတ်သပိတ်ရှိတာလား သိတောင်မသိဘူး။ လုပ်တော့လုပ်တယ် ကွက်ကြားတွေ၊ ဒီတစ်ဝိုက်လိုက်ကြည့်နေတာ ထူးမခြားနားဘဲ။” ဟု သာကေတတွင် နေထိုင်သူက ပြောသည်။
ဤလှုပ်ရှားမှုသည် အောက်တိုဘာလ ၂၃ ရက် ညပိုင်းက ဖားကန့်မြို့နယ်၊ KIA တပ်မဟာ(၉)နယ်မြေ၊ အနန့်ပါ၌ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ - KIO ဖွဲ့စည်းခြင်း (၆၂) နှစ်ပြည့်အတွက် နှစ်ပတ်လည်နေ့ ကြိုဆိုပွဲအခမ်းအနားကျင်းပနေချိန် စစ်ကောင်စီတပ်မှ စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ချိန်ကို အစွဲပြု၍ ဆင်နွှဲသော လူထုလှုပ်ရှားမှုဖြစ်သည်။
ထိုဖြစ်စဉ်ကြောင့် KIA တပ်သားများ၊ ကချင်အနုပညာရှင်များနှင့် အရပ်သားများ အစုအပြုံလိုက် ထိခိုက် ကျဆုံးခဲ့ကြရသည်။
စာတည်း - သန့်ဇော်(သန်လျင်)