အဆိုတော် ပိုပိုနှင့် ဘလော့ဂါ ဝင်းမင်းသန်းတို့ အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာ

အဆိုတော် ပိုပိုနှင့် ဘလော့ဂါ ဝင်းမင်းသန်းတို့ အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာ

အောက်တိုဘာလ ၂၈ ရက်

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော အနုပညာရှင်များအား စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ပြီးနောက် အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ ချမှတ်ခံထားရသည့် အဆိုတော် ပိုပိုနှင့် ဘလော့ဂါ ဝင်းမင်းသန်းတို့ ယနေ့ အောက်တိုဘာ ၂၈ ရက်တွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများထံကတစ်ဆင့် သိရသည်။

“အစက ပိုပိုလွတ်တယ်ပဲသိတာ၊ သုံးယောက်လွတ်လာတယ်တဲ့၊ ပိုပိုရယ်၊ မဝင်းမင်းသန်းရယ်၊ ဒါရိုက်တာ မိုက်တီးလည်းပါတယ်။ ခုနကလေးကမှ လွတ်တာလို့ကြားတယ်။” ဟု အဆိုတော် ပိုပိုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အနုပညာရှင်များ၏ အမှုကို လိုက်လံဆောင်ရွက်ပေးနေသော ရှေ့နေကြီးတစ်ဦးကို ဆက်သွယ်မေးမြန်းရာ ယနေ့ အနုပညာရှင်များ လွတ်မြောက်ခြင်း ရှိ/မရှိနှင့်ပတ်သက်ပြီး ယခုလိုပြောသည်။

“ကျနော်တို့လည်းကြားရပါတယ်။ အထူးတရားရုံးမဖွင့်တော့ အတည်တော့မပြုနိုင်သေးဘူး။ အခု လိုက်မေးနေတာ။ အကစ ဝန်ထမ်းတွေကတော့ ဟုတ်တယ်လို့ပြောကြပါတယ်။ တာဝန်ရှိသူတွေက ဖုန်းမကိုင်ဘူးလေ။ ပိုပို အစ်မကတော့ အခု အတည်ပြုပါတယ်။ မဝင်းမင်းသန်းလည်း လွတ်တယ်တဲ့။ ကိုမိုက်အတည်မပြုနိုင်သေး။” ဟူ၍ ဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အဆိုတော် ပိုပို အား ၅၀၅(က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ပြီး ပုဒ်မ ၅၀၅(က) အပါအဝင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နှင့်ပါ အမှုရင်ဆိုင်နေရသည့် ဘလော့ကာ ဝင်းမင်းသန်း ကိုလည်း အမှုနှစ်ခုစလုံးအတွက် အလားတူ အမိန့်ချမှတ်ခံခဲ့ရပြီး တစ်နှစ်ခွဲကြာ အကျဉ်းကျခံရပြီးနောက် ယနေ့တွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly