တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် အနန့်ပါဒေသဖြစ်စဉ်အတွက် အသံတိတ် သပိတ်လှုပ်ရှားမှု ပြုလုပ်မည်

တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် အနန့်ပါဒေသဖြစ်စဉ်အတွက် အသံတိတ် သပိတ်လှုပ်ရှားမှု ပြုလုပ်မည်

အောက်တိုဘာလ ၂၈ ရက်

မြန်မာ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များအတွင်း အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများသည် ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ အနန့်ပါဒေသဖြစ်စဉ်အတွက် ဝမ်းနည်းအောက်မေ့ကြောင်း အထိမ်းအမှတ်အဖြစ် အသံတိတ်သပိတ်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအင်အားစုများက ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အနန့်ပါဒေသဖြစ်စဉ်အတွက် ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ ညတွင် တစ်နိုင်ငံလုံး မီးပိတ်သပိတ် ပြုလုပ်ကြမည်ဟု ၎င်းတို့အနေဖြင့် သိရှိထားသော်လည်း အကျဉ်းသားများအနေဖြင့် မီးပိတ်သပိတ်တွင် ပါဝင်နိုင်ခြင်းမရှိသဖြင့် ယနေ့ ည ၈နာရီ မိနစ် ၃၀ တွင် အကျဉ်းထောင်အတွင်း ငါးမိနစ်ကြာ အသံတိတ်သပိတ်လှုပ်ရှား မှုပြုလုပ်၍ အလေးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အသံတိတ်သပိတ်ပြုလုပ်မှုအပေါ် ထောင်အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများ နှင့် အရေးယူခံရနိုင်ဖွယ်များရှိသော်လည်း ပြည်သူတစ်ရပ်လုံးနှင့်အတူ ကျဆုံးခဲ့ရသော သူရဲကောင်းများအတွက် ပါဝင်သွားမည်ဖြစ်ကြောင်း အကျဉ်းထောင်အတွင်းရှိ တော်လှန် အင်အားစုများက ရေးသားထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ် အနန့်ပါဒေသဖြစ်စဉ်တွင် ထိခိုက်သေဆုံးခဲ့ရသော မိသားစုဝင်များ၏ ဆို့နစ်ငိုရှိုက် ပဲ့တင်သံများသည် အထပ်ထပ်ကာရံထားသော အကျဉ်းထောင်ရံနံအတွင်းရှိ ကျွန်ုပ်တို့၏ နှလုံးသားများထံသို့ နက်ရှိုင်းစွာ လာရောက်ထိမှန်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly