မီဇိုရမ်ပြည်နယ်က မြန်မာ့နိုင်ငံရေးတွင် ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ်နိုင် ဟု ပြည်နယ်ဝန်ကြီးချုပ်ဆို

မီဇိုရမ်ပြည်နယ်က မြန်မာ့နိုင်ငံရေးတွင် ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ်နိုင် ဟု ပြည်နယ်ဝန်ကြီးချုပ်ဆို

အောက်တိုဘာလ ၂၈ ရက်

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံရေးမတည်ငြိမ်မှုတွင် ကြားဝင်ဖြေရှင်း ဆောင်ရွက်ရန် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဖြစ်နိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဇိုးရမ်းထန်းငါ က ပြောဆိုလိုက် ကြောင်း မီဇိုရမ်အစိုးရ သတင်းပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေးဌာန မှ အောက်တိုဘာ ၂၆ရက်တွင် ထုတ်ပြန်သည်။

ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်းရှိ ခေါ်ဇောလ် (Khawzawl) ခရိုင်ရုံးတည်ဆောက်ရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေးစဉ် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“မီဇိုရမ်ပြည်နယ်သည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နမိတ်ချင်းထိစပ်နေသောကြောင့် အိမ်နီးချင်းနိုင်ငံများ တည်ငြိမ်အေးချမ်းမှုရှိရေးသည် အရေးကြီးကြောင်း မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး ဝင်ရောက်ဆောင်ရွက်ပေးရန် ဗဟိုအစိုးရထံသို့ တင်ပြတောင်းဆိုခဲ့ပြီး မီဇိုရမ်ပြည်နယ်သည်လည်း ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ် နိုင်ကြောင်း” ဝန်ကြီးချုပ်မှ ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလ ၁၄ရက်နေ့က ယင်းသို့တောင်းဆိုမှုအပေါ် အိန္ဒိယဗဟိုအစိုးရ ဝန်ကြီးချုပ် မှ ငြိမ်းချမ်းရေးသည် လူသားများလုပ်ဆောင်ရမည့်အရာဖြစ်သောကြောင့် အတတ်နိုင်ဆုံးဆောင်ရွက်ပေးမည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မီဇိုရမ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဇိုးရမ်းထန်းငါသည် အိန္ဒိယအစိုးရထံမှ လွတ်လပ်ရေး ရယူရန်တောင်းဆိုစဉ်က ၎င်းပါဝင်ခဲ့သော မီဇိုအမျိုးသားတပ်ဦး (MNF) သည် မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အခြေစိုက်လှုပ်ရှားခဲ့ပြီး ဒေသခံများမှ အကူအညီများပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ပြည်သူ ၄၀,၀၀၀ကျော် မီဇိုရမ်ပြည်နယ်တွင် ခိုလှုံလျက်ရှိပြီး ဒေသတွင်းရှိ ဘာသာရေး ၊ လူမှုရေးနှင့် ပြည်နယ်အစိုးရတို့မှ ကူညီထောက်ပံ့ပေးလျှက်ရှိကာ ဗဟိုအစိုးရမှ အသိအမှတ်ပြုကူညီရန် ငြင်းဆန်လျက်ရှိကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly