နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၂၈ အောက်တိုဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၂၈ အောက်တိုဘာ ၂၀၂၂) 

အောက်တိုဘာလ ၂၈ ရက်
 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ပြည်သူ့တော်လှန်ရေးအဖွဲ့တိုင်း၏ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်သုတ်သင်ရှင်းလင်းရေး ပြတ်သားသည့်ဆုံးဖြတ်ချက်များကြောင့် မကြာမီ စစ်အာဏာ  ရှင်စနစ် ချုပ် ငြိမ်းတော့မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက အောက်တိုဘာ ၂၈ ရက်တွင် ပြည်သူလူထုကို ပြောကြားခဲ့သည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ရုံးကို အကြမ်းဖက်စစ် တပ်က အောက်တိုဘာ ၂၅ ရက် ညနေ ၃ နာရီခန့်တွင် ရဟတ်ယာဉ် ၅ စီးနှင့် ဝင်ရောက်စီးနင်းမှု ဖြစ်စဉ်အပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ၌ အလောင်း ၁၂ လောင်းအထိ ရှာဖွေတွေ့ရှိထားကြောင်း ပုလဲမြို့နယ် ပ.အ.ဖ က ပြောသည်။ 

  • အာဏာသိမ်းအကြမ်းဖက်ခေါင်း‌ဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်က မြန်မာတ နိုင်ငံလုံး အပြစ်မဲ့တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို လူမဆန်သောလုပ်ရပ်များနှင့် ပြောင်ပြောင် တင်းတင်း ကျူးလွန်တိုက်ခိုက်နေကြောင်း ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီCRYH က ထုတ်ပြန်သည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဩစတြေးလျ နိုင်ငံဆိုင်ရာ ကိုယ်စား လှယ် ဒေါက်တာထွန်းအောင်ရွှေတို့အကြား တွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာ ၂၆ ရက် ညနေ ၃ နာရီအချိန်မှာ ဗီဒီယို ကွန်ဖရင့်ကနေ ပြုလုပ်ခဲ့ကြပါတယ်။ 

  • ICJ နှင့် ICC တို့အနေဖြင့်  မြန်မာပြည်သူများ၏  အသံကို နားထောင်ပေးစေလိုကြောင်၊ နစ်နာခဲ့သူများ အတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးရန်  သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလညီလာခံတွင် တောင်းဆိုလိုက်သည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း ဆက်လက်ဆောင်ရွက်ရန် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာလုပ်သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအရေးပေါ် အစည်းအဝေးက ထပ်မံ ဆုံးဖြတ်လိုက်ကြောင်း မြန်မာ့အရေး အာဆီယံ အထူး အစည်း အဝေးပွဲအပြီးမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ကြေညာချက် ထုတ်ပြန်သည်။ 

  • ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံသို့ လွှဲချ ခေါင်းရှောင်နေမှုကို ရပ်တန့်ပြီး ချက်ချင်း အရေးယူရန် အရပ်ဘက်အဖွဲ့ ၃ ဖွဲ့ တောင်းဆိုလိုက်ကြသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါဒေသမှ KIO ၆၂ နှစ်ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို စစ်တပ်က ဗုံးကျဲချတိုက်ခိုက်ခဲ့မှုကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရခြင်း ဝမ်းနည်းခြင်း မီးပိတ်သပိတ် ကို ယနေ့ည ၈ နာရီ ၃၀ မိနစ်မှ ည ၈ နာရီ ၄၀ မိနစ်အထိ ၁၀ မိနစ်အကြာ ပြုလုပ်မည်ဖြစ်ကြောင်း စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။ 

  • စစ်ကိုင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ယနေ့အောက်တိုဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်း၊ ဘန့်ဘွေးကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာ ၂၈ ရက် ယနေ့နံနက်၌ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 

  • မုံရွာမြို့ပေါ်တွင် ဖားကန့်မှ ကျဆုံးပြည်သူများအတွက် ဝမ်းနည်းမှုကို တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်ကြ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ်မှောက်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် စျေးတစ်စျေးတွင် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော် မတီဝင်များသွားရောက် လူထုသပိတ်ပြုလုပ်ရာတွင် စျေးသူစျေးသားနှင့် စျေးဝယ်လာသောလူထုမှ ပါဝင်ပူးပေါင်း၍ ဖားကန့်အနန့်ပါဒေသနှင့် အတူရှိကြောင်းပြသရင်း စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

  • မြန်မာနိုင်ငံတစ်ဝန်း လူမျိုး‌ပေါင်းစုံ၊ ဒေသပေါင်းစုံ သွေးစည်းညီညွတ်မှုပုံရိပ် လူထုလှုပ်ရှားမှုအဖြစ် မီးပိတ် သပိတ်တွင် ပါဝင်ကြရန် ဒေါက်တာတေဇာစန်း တိုက်တွန်းလိုက်သည်။ 

  • ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယမန်နေ့ ညပိုင်း ပျံလွန်တော်မူသော စစ်အာဏာရှင် တော်လှန်ရေး ဦးဆောင် ဆရာ တော်ဖြစ်သည့် မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော်၏ ရုပ်ကလပ်တော်ကို ပင့်ဆောင်ကြောင်း သိရှိရသည်။ 

  • လောင်းလုံးမြို့နယ်တွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်သော လက်နက်ကြီးကျည် သည် ကော့ကရိတ်မြို့၊ အမှတ် ၇ ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ 

  • အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသည့် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများက “ငရဲခန်းမှ လက်ရုံးများဆန့်တန်းခြင်း”အမည်ဖြင့် ထောင်တွင်းအချက်အလက်များကို ထုတ်ဝေ ဖြန့်ချိလိုက် ပြီး ထိုအထဲတွင် အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို အသက်သေဆုံးသည်အထိ ဦးဆောင်နှိပ်စက်ကြသည့် အကျဉ်းထောင် အရာရှိ၊ ဝန်ထမ်း ၉ ဦး၏ အမည်စာရင်းကို ထုတ်ပြန် လိုက်ကြ သည်။ 

  • မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ အများပြည်သူပိုင်နေအိမ်များကို မီးရှို့ပြီး ထွက်ခွာလာ သော အင်အား ၁၀၀ ခန့်ပါသည့် စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းကို ယောဒေသကာကွယ် ရေးတပ် YDF နှင့် မဟာမိတ်များက အောက်တိုဘာလ ၂၇ ရက် ယမန်နေ့တွင် အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃၀ ထက်မနည်းသေဆုံးကြောင်း YDF က သတင်းထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ် ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်အနီးရှိ ပြည်သူများ စိုက်ပျိုးလုပ်ကိုင် စားသောက်လာသော စိုက်ပျိုး မြေဧက ၂၂၀၀ ဧကသည် တပ်ပိုင်ဖြစ်ပြီး ပြည်သူများက ကျူးကျော်သည်ဟုဆိုကာ တရားစွဲဆို ထားမှုကို ဆီဆိုင်မြို့နယ်တရားရုံးက စစ်တပ်ကို အနိုင်ပေးလိုက်ကြောင်း သိရှိရသည်။ 

  • မန္တလေး စိန်ပန်း ဂေါဝိန်ဆိပ်ကမ်းမှ ရိက္ခာနှင့်ခဲယမ်းများ တင်ဆောင်ထားသော စစ်သင်္ဘော ၆ စီး ဗန်းမော် ဘက်သို့ အောက်တိုဘာလ ၁၅ ရက်နေ့ ထွက်ခွာခဲ့ရာ မြစ်ကြောင်းတစ်လျှောက် ရမ်းသမ်းပစ် ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သင်္ဘောပါ အကြမ်းဖက်စစ်သားတစ်ဦးက ဗီဒီယိုရိုက်ကူး၍ လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့သည်။ 
     

တိုင်းရင်းသား လက်နက်ကိုင်များ 

  • လတ်တလော ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲများပြင်းထန်လာကာ လေကြောင်းတိုက်ခိုက်မှုများကြောင့် KNU ညီလာခံကျင်းပရန်ကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ 

 

စစ်ကောင်စီ 

  • တစ်ခုထက်ပိုပြီး ကိုင်ဆောင်ထားသည့်  နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ကို ပယ်ဖျက်မည့် ရက်ကို နိုဝင်ဘာလ ၁၅ရက်နေ့အထိ နောက်ဆုံးထားကာ ၂ပတ်ထပ်တိုး သတ်မှတ် လိုက်ကြောင်း  လဝကဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

  • ဝန်ထမ်းများ အဂတိ ကင်းရှင်းအောင် ဝန်ကြီးဌာနများ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ ရုံးများ၌ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းဆောင်ရွက်ခဲ့ရာ အောင်မြင်မှုရရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောသည်။ 

  • NLD အစိုးရလက်ထက် ထိုင်းနိုင်ငံနှင့်ပေါင်းပြီး အကောင်အထည်ဖော်ခဲ့သည့် Yangon Amata Smart and Eco City ဆက်လက်အကောင်အထည်ဖော်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းဖေက ပြောသည်။ 

  • ပြည်ပနိုင်ငံကြီးအချို့က အုပ်ချုပ်ရေး ယန္တရားထိခိုက်ပျက်ပြားအောင် ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက် နေကြောင်း စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းက ပြောသည်။ 

  • ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီ (Union Betterment Party – UBP) ပါတီ နိုင်ငံပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု ထားခြင်းမှ ပယ်ဖျက်ပြီး ပါတီအားဖျက်သိမ်း ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီရွေး/ကော်က ထုတ်ပြန်လိုက်သည်။ 

  • ဂျကာတာမှာလုပ်သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်များကို လိုက်နာမည် မဟုတ်ကြောင်းစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်သည်။ 
     

အောက်တိုဘာ ၂၈ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီကတော့ အာဆီယံဆွေးနွေးပွဲများတွင် အဆင့်တူဖိတ်ကြားခြင်းမရှိလျှင် ယင်းဆွေးနွေးပွဲ များတွင်ပြုလုပ်သည့် ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုကြောင်း လူမိုက်ဆန်ဆန် ပြော ကြားလိုက်သည်။ 

  • အာဆီယံက မူ ၅ချက်ကို လုပ်ဆောင်ရန် စစ်ကောင်စီကိုတွန်းအားပေးခြင်း သာဖြစ်ပြီး အဆိုပါ မူ ၅ ချက်သည် အာဏာသိမ်းစက မင်းအောင်လှိုင်ကိုယ်တိုင် အကောင်အထည် ဖော်ပါမည်ဟု ကတိပြုထား ခြင်းဖြစ်သည်။ယင်းကြောင့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုသည် မဲစာရင်း အကြောင်းပြပြီး နိုင်ငံကို လိုချင်တပ်မက်စိတ်ဖြင့် သိမ်းခြင်းဖြစ်ကြောင်း နိုင်ငံတကာတွင် ရုက်လုံးပေါ်လာသည်။ 

  • စစ်ကောင်စီသည် အညာဒေသကို မီးကုန်ယမ်းကုန် တိုက်ခိုက်နေခြင်းကြောင် ရွာလုံးကျွတ် မီးရှို့ခံခြင်းနှင့် အကြောင်းမဲ့သတ်ဖြတ်ခံရသည့် ပြည်သူဦးရေတိုးလာသည်ကိုလည်း တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly