ချောင်းဦးမြိုနယ်အတွင်း ပျူစောထီးကျေးရွာကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ ဟုဆို

ချောင်းဦးမြိုနယ်အတွင်း ပျူစောထီးကျေးရွာကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ ဟုဆို

အောက်တိုဘာလ ၂၈ ရက်

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကံဇီး(ပျူစောထီးရွာ သတ်မှတ်ခံထားရသည့်)ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း (၅) Aung San Force - A.S.F က ယနေ့ အောက်တိုဘာလ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၅ရက်နေ့ ည၁၁နာရီအချိန်တွင် လက်လုပ်လက်နက်ကြီး ရှစ်လက် ဖြင့် အချက် ၄၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အနီးနားရွာတွေကလည်း ပျူစောထီးရွာတွေဖြစ်တယ်၊ လတ်တလော နယ်မြေ အခြေအနေအရ ရန်သူ့အထိအခိုက် အကျဆုံးကို အတည်ပြုလို့မရသေးပါဘူး” ဟု ASF ပြန်ကြားရေးတာဝန်ခံ က မဇ္စျိမ ကိုပြောသည်။

ချောင်းဦး - အမြင့်လမ်းဘေးတွင် ကင်းမွန်းတော် ၊ ကုလားကြီး ၊ ကံဇီး ရွာသုံးရွာ ကပ်လျက် တစ်တန်းတည်းတည်ရှိပြီး သုံးရွာစလုံး ပျူစောထီးရွာများဖြစ်ကြောင်းနှင့် ယခုတိုက်ခိုက်မှုတွင် အထိအခိုက်များရှိသော်လည်း အတည်ပြုရန်ခက်ခဲနေကြောင်း ဆိုသည်။

ပစ်ခတ်တိုက်ခိုက်ချိန် တစ်နာရီ ၃၀မိနစ်အကျော်အတွင်း ကံဇီးရွာအတွင်းမှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲဘော်တစ်ဦး လက်နက်ကြီးအစ မှန်ပြီး အသေးစားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်အတွင်းတွင် ပျူစောထီးရွာ အနည်းငယ်များပြားကြောင်း အမြင့်စံပြရွာတွင် ရဲစခန်းတစ်ခုထိုင်ထားပြီး ယင်းရွာအနောက်ဖက် ကံကြီးကုန်းသည်လည်း ပျူစောထီးရွာဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံမှ ဆိုသည်။

ယင်းတိုက်ခိုက်မှုအား မုံရွာခရိုင် တပ်ရင်း (၅) Aung San Force ၏ တပ်ခွဲ(၃) ၊ CLDF နှင့် ငဘပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မုံရွာခရိုင် တပ်ရင်း (၅) Aung San Force တပ်ဖွဲ့သည့် စတင်ဖွဲ့စည်းချိန်မှ စတင်ပြီး ယခုအချိန်အထိ ထိတွေ့တိုက်ပွဲပေါင်း ၄၃ ပွဲရှိပြီး ဖြစ်ကြောင်း အသိပေးထားသည်။

အောက်တိုဘာလ ၂၆ရက်နေ့ကလည်း မုံရွာမြို့နယ်အတွင်းရှိ တောပု ပျူစောထီး ကျေးရွာကိုလည်း Aung San Forceနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ဖြင့်ပူးပေါင်းကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly