ကော့သောင်းတွင် စစ်ကောင်စီကို ဝေဖန်မှတ်ချက်ရေးသည်ဟုဆိုကာ ဆိုင်ကယ်ကယ်ရီမောင်းသူ ဖမ်းဆီးခံရ

By ကိုရွှေမြိတ်
28 October 2022
ကော့သောင်းတွင် စစ်ကောင်စီကို ဝေဖန်မှတ်ချက်ရေးသည်ဟုဆိုကာ ဆိုင်ကယ်ကယ်ရီမောင်းသူ ဖမ်းဆီးခံရ

October 28

မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် အေးရိပ်ငြိမ်းရပ်ကွက်တွင် နေထိုင်သည့် ဆိုင်ကယ် (ဘေးတွဲ) ကယ်ရီ မောင်းသူ အမျိုးသား တစ်ဦးအား စစ်ကောင်စီကို ဝေဖန် မှတ်ချက်ရေးသည်ဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် အဆိုပါ ကော့သောင်းမြို့နေ ဒေသခံ အမျိုးသားသည် ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ အစုလိုက် အပြုံလိုက် သေဆုံးမှု သတင်းတစ်ခုတွင် စစ်ကောင်စီနှင့် ပတ်သက်သည့် ဝေဖန် မှတ်ချက်ရေး၍ ဆိုကာ Screen Shot ရိုက်ထားသောပုံနှင့် တကွ အောက်တိုဘာလ ၂၄ ရက်နေ့မှာ လာရောက် ဖမ်းဆီးသွားခဲ့သည်ဟု ကော့သောင်းမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ကော့သောင်းမြို့နေ ဒေသခံ တစ်ဦးက “ဆိုင်ကယ် ဂိတ်မှာ လာဖမ်းသွားတာပါ၊ စစ်တပ်ကို မကောင်းကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးတယ်ဆိုပြီး ဖမ်းဆီးခံရတာလောက်ပဲ သိရတယ်”ဟု ပြောသည်။

ဖမ်းဆီးခံရသူမှာ အေးရိပ်ငြိမ်းရပ်ကွက်နေ ကိုဇေယျာ ဆိုသူ ဖြစ်ကြောင်း သိရပြီး လက်ရှိတွင် ၎င်းကို စစ်ကောင်စီ တပ်ဖွဲ့က စစ်ကြောရေးကို ခေါ်ဆောင် သွားခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကော့သောင်းမြို့နယ်

#စစ်ကောင်စီ

#ဗုံးကြဲတိုက်ခိုက်မှု

#ဆိုင်ကယ်ကယ်ရီမောင်းသူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required