မြဝတီမြို့ကို PDFများ တိုက်ခိုက်မည်ကို စိုးရိမ်၍ ဒရုန်းဖျက်စက်များ တပ်ဆင်ကာ မြို့အနှံ့လုံခြုံရေးချထား

မြဝတီမြို့ကို PDFများ တိုက်ခိုက်မည်ကို စိုးရိမ်၍ ဒရုန်းဖျက်စက်များ တပ်ဆင်ကာ မြို့အနှံ့လုံခြုံရေးချထား

မဇ္ဈိမ ။ ။

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့ကို တော်လှန်ရေးအင်အားစုများ လာရောက်တိုက်ခိုက်မည်ဟု သတင်းထွက်နေ၍ စစ်ကောင်စီက ဒရုန်းဖျက်စက်များတပ်ဆင်ကာ မြို့အနှံ လုံခြုံရေးချ လှည့်ကင်းများပတ်နေကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် မြဝတီမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာများ၊ လုံခြုံရေးစခန်းများ၊ ဂိတ်များနှင့် BGFပိုင် ကာစီနိုလောင်းကစားဆိုင်များတွင်လည်း ဒရုန်းဖျက်စက်များကို တပ်ဆင်နေကြောင်း သိရသည်။

“ဒရုန်းဖျက်စက်တွေက နေရာစုံမှာ တပ်နေတယ် ။ သူတို့ဘက်က ကြားတာကတော့ မြဝတီမြို့ကို PDFအင်အား ၁၀,၀၀၀ ကျော်လောက်နဲ့ ဝင်တိုက်မယ်လို့ကြားလို့ဆိုပြီး ခံစစ်အနေနဲ့ လုပ်နေတယ်လို့တော့ ကြားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးကပြောသည်။

ယမန်နေ့ကစ၍ BGFတပ်ဖွဲ့၏ အကြီးအကဲဖြစ်သည့် စောချစ်သူ ကိုယ်တိုင် ၎င်း၏ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်ဖြစ်သည့် အမှတ်(၁) ဂိတ်နှင့်(၉၉၉)ဂိတ်များကို ဒရုန်းဖျက်စက်များ ညအချိန်များတွင်သာ တပ်ဆင်နေ‌ေကြာင်း အထက် ပါဒေသခံက ပြောသည်။

စစ်ကောင်စီ၏ တပ်ရင်း ခမရ(၂၇၅)၊ခမရ(၃၅၅) နှင့် ခမရ(၃၅၆)တပ်ရင်းများရှေ့ လမ်းများကို သံဆူးကြိုးများဖြင့် ဘလောက်ပုံစံပြုလုပ်ထား၍ ကားများ သွားလာရခက်ခဲစေရန် ပြုလုပ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

အောက်တိုဘာ၂၁ရက်နေ့တွင် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီစခန်းများကို KTLA, KNUနှင့် PDFတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြဝတီမြို့နှင့် ဘာအံမြို့တို့ကို စစ်ကောင်စီမှ လုံခြုံရေးအင်အားတိုးမြင့်ကာ ခံစစ်အနေဖြင့် ပြုလုပ်ထားကြကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required