ခေတ်မီရွာစီမံကိန်းကို ကျေးရွာပေါင်း ၄၄ ရွာတွင် တိုးချဲ့ဆောင်ရွက်နေဟုဆို

ခေတ်မီရွာစီမံကိန်းကို ကျေးရွာပေါင်း ၄၄ ရွာတွင် တိုးချဲ့ဆောင်ရွက်နေဟုဆို

မဇ္ဈိမ။ ။ ခေတ်မီရွာ(Smart Village) စီမံကိန်းကို ယခုနှစ်အတွင်း မြို့နယ်ပေါင်း ၄၂ မြို့နယ်ရှိ ကျေးရွာပေါင်း ၄၄ ရွာတွင်တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး၊ ယင်းသည် ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာရေးနှင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရေးအတွက် စီမံကိန်းရေးဆွဲဆောင်ရွက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီခန့် သမဝါယမနှင့်ကျေးလက်ဖွံံဖြိုးရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးလှမိုးက ပြောကြား သည်။

ယမန်နေ့ အောက်တိုဘာ ၂၆ ရက်က ယင်း၀န်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမခြောက်လပတ် လူမှု စီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု၀န်ကြီး ဦးလှမိုးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ အာဘော် သတင်းစာတွင် ယနေ့ ပါရှိသည်။

ယင်း Smart Village စီမံကိန်းတွင် ပါ၀င်သည့် ကျေးရွာများ၌ ကျေးလက် ရေရရှိရေးအပါအ၀င် ကျေးလက်မီးလင်းရေး၊ ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများသည် ကျေးလက်နေပြည်သူများ လူနေမှု အဆင့်အတန်းမြင့်မားလာရေးအတွက် အရေးပါကြောင်း စစ်ကောင်စီခန့် ပြည်ထောင်စု၀န်ကြီးဦးလှမိုးက ယင်းအစည်းအဝေးအတွင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

"ဒီစီမံကိန်းတွေက သူတို့ ထိန်းချုပ်နိုင်တဲ့ နေရာတွေမှာပဲ လုပ်ရင်လုပ်မှာပေါ့။ မြန်မာပြည်အထက်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ စစ်တပ်က ရွာမီးရှို့၊ ဗုံးကြဲ နေတော့ ဘယ်လိုလုပ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ လုပ်နိုင်မှာလဲ။ သူတို့က မြစိမ်းရောင် စီမံကိန်း အမည်နဲ့ချေးငွေထုတ်ပြီး ကျေးလက်ဖွံံ့ဖြိုးရေးလို့သာဆိုတယ် ကျေးရွာတွေဘာဖြစ်နေလဲ အရင်ဆင်းကြည့်လိုက်လေ။ ရှင်းရှင်းပြောရရင် နာမည်ကောင်းတတ်၊ ချေးငွေထုတ်ချေးပြီး ကျေးရွာလူထုဆီက ဂုတ်သွေးစုတ်မယ်ကိစ္စ စစ်အစိုးရအုပ်ချုပ်နေသမျှတော့ ချေးလည်း မချေးဘူး၊ လုပ်လည်းမလုပ်ဘူးဗျာ" ဟု မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ တစ်ဦးက မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်းကဲ့သို့သော လုပ်ငန်းများသည် စိုက်ပျိုးမွေးမြူရေးအတွက် အဓိကကျသော ဧရာ၀တီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် အခြားသော ပြည်နယ်အများစုတွင် လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ယခုအခါ ယင်းဒေသများသည် စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများအပါအ၀င် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လုပ်ကိုင်နိုင်ခြင်းမရှိပေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required