ပုသိမ်ကြီးကအုပ်ကြီး ပြောက်ကျားနှစ်ဖွဲ့ပေါင်းပြီး ပစ်ခတ်ရှင်းလင်းသော်လည်း မသေသေး ဟုဆို

ပုသိမ်ကြီးကအုပ်ကြီး ပြောက်ကျားနှစ်ဖွဲ့ပေါင်းပြီး ပစ်ခတ်ရှင်းလင်းသော်လည်း မသေသေး ဟုဆို

မဇ္ဈိမ(မန္တလေး)။ ။မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား၊ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့နှစ်ဖွဲ ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲဲ့ကြောင်း သိရသည်။

"အုပ်ကြီးကို တောတွင်ကျေးရွာနဲ့ အိုင်ကြီးကျေးရွာကြားမှာ ပစ်သွားတာပါ၊ ထိတော့ထိတယ်၊ ဒါပေမဲ့ မသေသေးပါဘူး" ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပုသိမ်ကြီးမြို့နယ် တောတွင်ကျေးရွာက စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးဆိုသူကို၊ ယနေ့ အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီခန့်တွင်၊ Generation Z Power-GZP(Mandalay) နှင့် ပုသိမ်ကြီးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ ပူးပေါင်းပြီးပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း GZP(Mandalay) က သတင်းထုတ်ပြန်သည်။

ကျေးရွာတစ်ရွာနှင့် တစ်ရွာအကူးတွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပြီး၊ ပြည်သူကိုအနိုင်ကျင့် ဗိုလ်ကျဆက်ကြေးကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

"ယနေ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီ၀န်းကျင်ခန့်၌ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ငွေတောင်ကျေးရွာအုပ်စု၊ တောတွင်ရွာတွင် ပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျ ဆက်ကြေးကောက်နေပြီး၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ခင်မောင်စိုးဆိုသူ ဒလန်အား၊ ကျွန်ုပ်တို့ Generation Z Power-GZP(Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ ပူးပေါင်းကာ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း ဟူ၍ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required