မအူပင်မြို့တွင် ရိုဟင်ဂျာ ၅၈ ဦးကို စစ်ကောင်စီတပ်များ ဖမ်းဆီး

မအူပင်မြို့တွင် ရိုဟင်ဂျာ ၅၈ ဦးကို စစ်ကောင်စီတပ်များ ဖမ်းဆီး

မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် အောက်တိုဘာလ ၂၂ ရက်နေ့က ရိုဟင်ဂျာ ၅၈ ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မအူပင်မြို့နယ်၊ကျွဲဒုံးရွာနှင့် အောက်ထုံးကျေးရွာအနီး တိုးမြစ်အတိုင်းမောင်းနှင်လာသည့် စက်လှေတစ်စီး ကို စစ်ကောင်စီတပ်များနှင့် ရဲများကဖမ်းဆီးရာမှ အဆိုပါရိုဟင်ဂျာများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ် ဖွဲ့ နှင့် နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ စက်လှေပေါ်တွင် ရိုဟင်ဂျာ အမျိုးသား(၃၇) ဦး၊ အမျိုးသမီး(၁၃) ဦး၊ အသက်မပြည့်သေးသူ(၄)ဦး လိုက်ပါလာသည်ဟုသိရပြီး စက်လှေမောင်းသူများအပါအဝင် စုစုပေါင်း ၅၈ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ၎င်းကဆိုသည်။

“ အဖမ်းခံရတဲ့အထဲမှာ ကိုယ်ဝန်ရှိတဲ့ ရိုဟင်ဂျာအမျိုးသမီးတစ်ယောက်လည်း ပါတယ်။ သူတို့အကုန်လုံး ကို ပြန်မပို့ဖို့တော့ များတယ်။ ဒီနှစ်ထဲမှာ အဖမ်းခံလိုက်ရတဲ့ တခြားရိုဟင်ဂျာတွေလိုပဲ တရားစွဲထောင်ချ ခံရမယ်ထင်တယ်"ဟု မအူပင်ခရိုင်အတွင်းမှ အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦးက ဆိုသည်။

ယခုဖြစ်စဥ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မအူပင်ခရိုင်အတွင်း ရေကြောင်းဖြင့် ဝင်ရောက်လာ သည့် ရိုဟင်ဂျာများကို စစ်ကောင်စီက နှစ်ကြိမ်မြောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု အစ္စလာမ်ဘာသာဝင် အမျိုးသားကပြောသည်။

ဧရာဝတီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်၊ မောင်းတော စသည့်မြို့များမှ ရေကြောင်းဖြင့် ဝင်ရောက်လာသည့် ရိုဟင်ဂျာ လူမျိုးများ မကြာခဏဆိုသလိုဖမ်းဆီးခံနေရသည်ဟု သိရသည်။

ထိုသို့ ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများအနက် ၁၅၀ ကျော်ကို မှတ်ပုံတင်အက်ဥပဒေဖြင့် ထောင်ဒဏ် နှစ် နှစ်စီ ချမှတ်ထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ဆိုသည်။

လက်ရှိတွင် အောက်တိုဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများကို စစ်ကောင်စီတပ်များနှင့် ရဲများကမအူပင်ခရိုင်၊ ရွှေတောင်မှော် နယ်မြေရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ ၏ ပြောပြချက်အရသိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required