အိန္ဒိယ - မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်စစ်တပ်မှ စစ်သုံးပစ္စည်းများ ဖမ်းဆီး

အိန္ဒိယ - မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်စစ်တပ်မှ စစ်သုံးပစ္စည်းများ ဖမ်းဆီး

မဇ္ဈိမ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဆိုင်ဟာခရိုင်တွင် စစ်ဘက်ဆိုင်ရာ အသုံးဆောင်ပစ္စည်းများနှင့် အတူ အမျိုးသား လေးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာလ ၂၇ ယနေ့တွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၆ရက်နေ့ ဆိုင်ဟား (Siaha) ခရိုင်၊ Niawtlang ကျေးရွာတွင် လုံးလေမြို့အခြေစိုက် အာသံရိုင်ဖယ် အမှတ်(၂၃)နှင့် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းစစ်ဆင်ရေးတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဆိုသည်။

125/Kenbo ဆိုင်ကယ်လေးစီးနှင့်အတူ အမျိုးသား လေးဦးအား စစ်ဆေးရှာဖွေရာတွင် စစ်အသုံးအဆောင်ပစ္စည်းများကို ဖမ်းဆီးရမိရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ ဂြိုလ်တုဖုန်း တစ်လုံး ၊ ကျည်ကာအင်္ကျီ ငါးထည် ၊ လက်ထိပ် ၊ လက်ကိုင်ဖုန်း ငါးလုံး ၊ ဖုန်းဆင်းကဒ် ရှစ်ကဒ် ၊ ပွိုင့် 22 ရိုင်ဖယ်ကျည် ၁၀၀ကျော် ၊ လေသေနတ် ၊ မြန်မာကျပ်ငွေ ၂၇၉,၇၀၀ ၊ စင်္ကာပူ နှစ်ဒေါ်လာ ၊ ဒစ်ဂျစ်တယ် အာရုံခံကိရိယာများနှင့် အခြားပစ္စည်းများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်ဖော်ပြထားခြင်း မရှိသော်လည်း ဆိုင်ကယ်နှင့် မြန်မာငွေများ ဖမ်းဆီးရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားများဖြစ်နိုင်ခြေရှိကြောင်း ဒေသခံအချို့မှ သုံးသပ်ပြောဆိုသည်။

အဆိုပါ ဆိုင်ဟာခရိုင်အတွင် မြန်မာပြည်ဖက်ပို့ဆောင်မည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိလေ့ရှိပြီး အိန္ဒိယစစ်တပ်ဖြစ်သော အာသံရိုင်ဖယ်တပ်မှ လုံခြုံရေးတင်းကျပ်ထားကာ လတ်တလော မြန်မာနိုင်ငံမှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် 125/Kenbo ဆိုင်ကယ်များကို ဆိုင်ဟားခရိုင်တွင် ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required