မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင် KTLA ၏ ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းမပြုရန် ထုတ်ပြန်

မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင် KTLA ၏ ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းမပြုရန် ထုတ်ပြန်

မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကော်သူးလေတပ်မတော် KTLA အဖွဲ့၏ ခွင့်ပြုချက်မရှိဘဲသွားလာခြင်းမပြုရန် အောက်တိုဘာလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ကရင်ပြည်နယ်(ကော်သူးလေ)နယ်နိမိတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကော်သူးလေတပ်မတော်သား များ စစ်ရေးတင်းမာမှုများဖြစ်ပေါ်ကာ တိုက်ပွဲအရှိန်အဟုန်မြင့်တက်လာမည်ဖြစ်ပါသဖြင့် ယခင်က ကော့ကရိတ်-မြဝတီ အာရှလမ်းအသုံးပြုသွားလာခြင်းကို တိုက်ပွဲဖြစ်ပေါ်နေစဉ် ကာလအတွင်း သတိထား သွားလာ အသုံးပြုရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် လက်ရှိဖြစ်ပေါ်နေသော ကော့ကရိတ်မြို့တွင်း တိုက်ပွဲများကြောင့် မြဝတီ-ကော့ကရိတ် အာရှ လမ်းသွားလာမှုအပေါ် ပြည်သူများအနေဖြင့်အထူးသတိပြုသွားလာကြပါရန်နှင့် ကော်သူးလေ တပ်မတော်(KTLA)၏ ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းမပြုရန် မိဘပြည်သူများအား မေတ္တာရပ်ခံအပ် ပါသည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြဝတီ-ကော့ကရိတ် အာရှကားလမ်းမကြီးတွင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကော့ကရိတ်အထွက် မြဝတီတောင်တက်လမ်းတွင် ကုန်ကားနှစ်စီး မီးရှို့ခံခဲ့ရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ဖြစ်ပွားသည့် ကော့ကရိတ်မြို့တွင်းတိုက်ပွဲသည် ယနေ့တွင် ခုနစ်ရက်မြောက်နေ့ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲကြောင့် ကော့ကရိတ်မြို့နှင့် အနီးကျေးရွာမှ အရပ်သား သေဆုံးသူ ခုနစ်ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၀ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကော့ရိတ်မြို့တွင်းတိုက်ပွဲကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခြင်းတို့ကြောင့် ကျေးရွာခြောက်ရွာမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာများနှင့် ခလရ(၉၇)တပ်ရင်းကို ကော်သူးလေတပ်မတော် (KTLA), KNU, PDF, Drone တပ်ဖွဲ့တို့က အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ပြီး ယနေ့ အောက်တို ဘာလ ၂၇ ရက်နေ့အထိ ခုနစ်ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required