တရုတ် အနိုင်ရမည့် အခွင့်အလမ်းမရှိဟု ထိုင်ဝမ်လုံခြုံရေး အကြီးအကဲပြောကြား

By Taipei Times
25 October 2022
တရုတ် အနိုင်ရမည့် အခွင့်အလမ်းမရှိဟု ထိုင်ဝမ်လုံခြုံရေး အကြီးအကဲပြောကြား

ထိုင်ဝမ်ကိုကျူးကျော်ပါက တရုတ်အနေဖြင့် အနိုင်ရရန်အလားအလာမရှိကြောင်း ထိုင်ဝမ်အမျိုးသား လုံခြုံရေးဗျူရိုညွှန်ကြားရေးမှူးချုပ်ချန်မင်းတုံကအောက်တိုဘာ၂၀ရက်တွင်ပြောကြားလိုက်သည်။

ထိုင်ဝမ်ကို၂၀၂၂ခုနှစ်နှင့်၂၀၂၃ခုနှစ်အတွင်းတရုတ်ကတိုက်ခိုက်နိုင်ကြောင်းအမေရိကန်ရေတပ်ဦးစီးချုပ်မိုက်ကယ်ဂေဒေး၏အောက်တိုဘာ၁၉ရက်ကပြောကြားချက်နှင့်ပတ်သက်ပြီး တိုင်ပေမြို့ရှိလွှတ်တော်တွင် တရုတ်အမျိုးသားရေးပါတီ (KMT) မှ ဥပဒေပြုအမတ် လီကွေမင်းက မေးမြန်းရာတွင်ချန်ကယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ထိုင်ဝမ်ကိုစစ်ရေးအရကျူးကျော်မှုကြောင့်နိုင်ငံတကာကပိတ်ဆို့အရေးယူမှုတွေနဲ့သံတမန်ရေးအရအထီးကျန်မှုကိုဖြစ်ပေါ်စေမှာဖြစ်ပြီး‘တရုတ်ပြန်လည်အင်အားကြီးမားလာခြင်း’ဆိုတဲ့မျှော်လင့်ချက်တွေကိုတရုတ်သမ္မတရှီကျင့်ဖျင်ကဆုံးရှုံးစေမှာဖြစ်တဲ့အတွက်အပြစ်တင်ခံရမှာဖြစ်ပါတယ်”ဟုချန်ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်စလုံးသည်တစ်ဦးနှင့်တစ်ဦးလေးစားလိုက်နာပြီးမိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကိုကျူးကျော်ရန် တရုတ်၏ "အသင့်ဖြစ်မှု" နှင့်ပတ်သက်၍ ဖြစ်နိုင်ချေများစွာကို တင်ပြထားကြောင်း ချန်က လွှတ်တော်အမတ်များအား ပြောကြားခဲ့သည်။

၂၀၂၃ခုနှစ်မှ၂၀၂၅ခုနှစ်အတွင်း ကျူးကျော်နိုင်ကြောင်း မကြာသေးမီက ထွက်ပေါ်ခဲ့သည့် သီအိုရီများ၌ ဖော်ပြခြင်းသည် ထိုင်ဝမ်ကိုသိမ်းပိုက်မည်ဟု ခြိမ်းခြောက်ကာ စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ အတင်းအကျပ်တွန်းပို့ရန် ကြိုးပမ်းမှုအပေါ်အခြေခံ၍ပြောကြားခြင်းဖြစ်နိုင်ကြောင်း ၎င်းကပြောကြားခဲ့သော်လည်း မည်သည့် ညှိနှိုင်းမှုများဖြစ်မည်ကို အသေးစိတ်မပြောကြားခဲ့ပေ။

စစ်ဖြစ်သည့်သဘောသက်ရောက်သည့် ထိုင်ဝမ်ကိုပိတ်ဆို့ထားခြင်းကဲ့သို့ စစ်အင်အားပြခြင်းလည်း ပြုလုပ်နိုင်သည်ဟု ချန်ကဆိုသည်။

နိုင်ငံတော်၏လုံခြုံရေးဌာနသည်ထိုကဲ့သို့အဖြစ်အပျက်ကိုတုံ့ပြန်ရန်အစီအစဉ်များရေးဆွဲထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

စစ်ပွဲ၏အသွင်အပြင်သည် အမြဲပြောင်းလဲနေသောကြောင့် တရုတ်ကျူးကျော်မှု မည်သည့်အချိန်တွင် ဖြစ်လာနိုင်သည်ကို အတိအကျခန့်မှန်းရန်ခက်သည်ဟု ချန်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly