ရှင်ကျန်းမှ ကျွန်ပြုခိုင်းစေမှုဖြင့်ပြုလုပ်သော ဝါဂွမ်းတင်ပို့မှုအတွက် ဝီဂါအဖွဲ့က ဗြိတိန်ကို တရားစွဲ

ရှင်ကျန်းမှ ကျွန်ပြုခိုင်းစေမှုဖြင့်ပြုလုပ်သော ဝါဂွမ်းတင်ပို့မှုအတွက် ဝီဂါအဖွဲ့က ဗြိတိန်ကို တရားစွဲ

ဗြိတိန်အစိုးရသည် တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှ အဓမ္မခိုင်းစေမှုဖြင့်ထုတ်လုပ်ထားသော ဝါဂွမ်းများကို တင်သွင်းမှုအား စုံစမ်းစစ်ဆေးရန် ပျက်ကွက်ခဲ့ကြောင်း ဝီဂါလူ့အခွင့်အရေးအဖွဲ့က အောက်တိုဘာ ၂၅ ရက်တွင် လန်ဒနတရားရုံး၌ စွပ်စွဲလိုက်သည်။

အဝေးရောက် ဝီဂါအဖွဲ့များ၏ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ဝီဂါကွန်ဂရက်(WUC) သည် လန်ဒန်မြို့၏ တရားရုံးတွင် ပြည်ထဲရေးရုံး၊ အခွန်ဌာနနှင့် ရာဇဝတ်မှုအေဂျင်စီ(NCA) တို့ကို ဥပဒေအရ အရေးယူ ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိသည်။

ပြည်ထဲရေးရုံးသည် ပြည်ပရှိ အကျဉ်းထောင်တွင် ပြုလုပ်သော ကုန်ပစ္စည်းများတင်ပို့မှုကို စုံစမ်းစစ်ဆေးရန် ငြင်းဆန်ခဲ့သလို အခွန်ဌာနနှင့် ရာဇဝတ်မှုအေဂျင်စီတို့သည် ရာဇဝတ်မှုမြောက်သော ရှင်ကျန်းဝါဂွမ်း ဟုတ် မဟုတ် စုံစမ်းစစ်ဆေးရန် ပျက်ကွက်ခဲ့ကြောင်း ဝီဂါရှေ့နေများက ပြောကြားခဲ့သည်။

WUC ကိုယ်စားပြု ဂျန်နီရစ်ချက်က တရုတ်ဝါဂွမ်း ၈၅ ရာခိုင်နှုန်းခန့်သည် ရှင်ကျန်းမှ လာပြီး စက်ရုံများတွင် အကျဉ်းသားများအား အလုပ်ခိုင်းစေခြင်းသည် ရှင်ကျန်းဒေသတစ်ခုလုံးဆိုင်ရာ မူဝါဒဖြစ်သည်ဟု တရားရုံးသို့ ပြောကြားခဲ့သည်။

တရားခံ ၃ ဦးကို ကိုယ်စားပြုသော ဂျိမ်းနက်ဒီက WUC သည် အတည်ပြုနိုင်သော ရာဇဝတ်မှုဆိုင်ရာ သက်သေအထောက်အထားကို မပြနိုင်သေးကြောင်းနှင့် ရာဇဝတ်မှုစုံစမ်းရေးအေဂျင်စီသည် လုံလောက်သော အထောက်အထားရှိပါက စုံစမ်းစစ်ဆေးမှုကို စတင်နိုင်ကြောင်း ပြောသည်။

ဝီဂါကွန်ဂရက်မှ ဗြိတိန်နိုင်ငံဆိုင်ရာ ဒါရိုက်တာ ရာဟီမာမာမွတ်က “ ရှင်ကျန်းက မိသားစုကို မတွေ့ရတာ ၆ နှစ်နီးပါးရှိပါပြီ။ သူတို့ဘာဖြစ်သွားလဲ မသိရပါဘူး။ ဗြိတိန်အစိုးရက ပြင်းထန်တဲ့စကားလုံးတွေနဲ့ တရုတ်ကို ရှုတ်ချပေမယ့် လေးနက်တဲ့ အရေးယူမှုတွေ မလုပ်ပါဘူး” ဟု ဆိုသည်။

ဝီဂါနှင့် ဒေသတွင်းရှိ အခြားသော မွတ်ဆလင်များအပေါ် တရုတ်အာဏာပိုင်များကက လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် ရှင်ကျန်းတွင် အဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့် ပြုလုပ်သော ကုန်ပစ္စည်းများ တင်သွင်းခြင်းကို တားမြစ်ရန် ကမ္ဘာ့နိုင်ငံများက ကြိုးပမ်းနေချိန်တွင် WUC က ဗြိတိန်ကို တရားစွဲသည့်ကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly