အမေရိကန်၌ တရုတ်သူလျှိုမှုအတွက် ၁၃ ဦးတရားစွဲခံရကာ ၂ ဦး ဖမ်းဆီးခံရ

အမေရိကန်၌ တရုတ်သူလျှိုမှုအတွက် ၁၃ ဦးတရားစွဲခံရကာ ၂ ဦး ဖမ်းဆီးခံရ

အစိုးရအကျိုးအတွက် အမေရိကန်တွင် မတရားဖြင့် လွှမ်းမိုးရန် ကြိုးပမ်းမှုဖြင့် တရုတ်လုံခြုံရေးနှင့် ထောက်လှမ်းရေးယန္တရားအဖွဲ့ဝင်များနှင့် အေးဂျင့်များအပါအဝင် လူ ၁၃ ဦးကို သီးခြားအမှု ၃ ခုဖြင့် အမေရိကန်က တရားစွဲဆိုထားသည် ။

“ဒီအမှုတွေက သက်သေပြနေတဲ့အတိုင်း တရုတ်အစိုးရဟာ အမေရိကန်မှာ လူတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေကို စွက်ဖက်ဖို့နဲ့ အဲဒီအခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ တရားစီရင်ရေးစနစ်ကို ပျက်ပြားအောင် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး” ဟု တရားရေးဌာန ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အမေရိကန် ရှေ့နေချုပ် မာရစ်ဘီဂါလန်က ပြောကြားခဲ့သည်။ အမေရိကန်တွင် နေထိုင်သော တရုတ်အမျိုးသားတစ်ဦးအား အတင်းအကျပ် နေရပ်ပြန်ပို့ရေး အစီအစဉ်တွင် ပါဝင်သည့် တရုတ် နိုင်ငံသား ၇ ဦးကို တရားစွဲဆိုထားပြိး ၎င်းအနက် ၂ ဦးကို အောက်တိုဘာ ၂၀ ရက်က နယူးယောက်တွင် ဖမ်းဆီးခဲ့သည်။

တရားခံများသည် "Operation Fox Hunt" ခေါ် နိုင်ငံတကာတရားမဝင်ပြန်ပို့ရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် တရုတ်သို့ပြန်လာရန် အမေရိကန်၌နေထိုင်သူတစ်ဦးအား စောင့်ကြည့်ကာ နှောင့်ယှက်ခြင်းနှင့် အကျပ်ကိုင်ခြင်းတွင် ပါဝင်ပတ်သက်သည်ဟု တရားခံများအား စွပ်စွဲခံထားရသည်။

အမေရိကန်ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က တန်ပြန်ထောက်လှမ်းရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမှု ၃ ခုစလုံးတွင် စုံစမ်းစစ်ဆေးမှုများကို ကူညီလုပ်ဆောင်နေကြောင်း ပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် FBI ဒါရိုက်တာ ခရစ္စတိုဖာရေးက အဆိုပါအမှု ၃ ခုသည် ဆက်စပ်မှု မရှိဟုထင်ရသော်လည်း တရုတ်အစိုးရသည် အာဏာရှင်ဆန်သော အမြင်များကို ခိုင်မာစေရန်ကြိုးစားလျက် နိုင်ငံတကာ ဥပဒေများကို ကျော်လွှားရန် ဆန္ဒရှိကြောင်း အမှုတစ်ခုချင်းစီက ပြသနေသည်ဟု ဆိုသည်။

“တရုတ်အစိုးရဟာ သူတို့အတွက် ပိုအဆင်ပြေစေမယ့် မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ လွှတ်တော် အမတ်တွေနဲ့ လူထုအမြင်ကို လွှမ်းမိုးနိုင်မယ့် နည်းလမ်းတွေကို အသုံးပြုနေပါတယ်။

“ဒီလိုပဲ တရုတ်အစိုးရဟာ အမြတ်ကြီးစားတဲ့ ချေးငှားမှုတွေနဲ့ စီးပွားရေးလုပ်ထုံးလုပ်နည်းတွေ၊ ဉာဏ ပစ္စည်းတွေကို ခိုးယူပြီးတော့ မျက်နှာပြောင်တိုက်စွာနဲ့ ဆိုက်ဘာချိုးဖောက်မှုတွေလုပ်ဆောင်ခြင်းအားဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာဖို့ ကြိုးပမ်းနေပါတယ်” ဟု FBI က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly