အာဖဂန်ပြည်သူ ၁၉ သန်းခန့် အစားအစာ မလုံလောက်မှု ကြုံတွေ့နေရဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အဖွဲ့ ထုတ်ပြန်

အာဖဂန်ပြည်သူ ၁၉ သန်းခန့် အစားအစာ မလုံလောက်မှု ကြုံတွေ့နေရဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အဖွဲ့ ထုတ်ပြန်

အာဖဂန်နစ္စတန်နိုင်ငံ၌ လက်ရှိအချိန်တွင် လူ ၁၉ သန်းနီးပါးသည် အစားအစာ မလုံလောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အဖွဲ့က ကမ္ဘာ့စားနပ်ရိက္ခာနေ့တွင် ခန့်မှန်း တွက်ချက်လိုက်သည်။

 အလုပ်အကိုင်များ မရှိခြင်းနှင့် စီးပွားရေး အခက်အခဲများကြောင့် စားနပ်ရိက္ခာ မဖူလုံမှုနှင့် ရင်ဆိုင်သွားရနိုင်သည်ဟု ကဘူးလ်မြို့ခံများက အောက်တိုဘာ ၁၆ ရက်တွင် ကျရောက်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့တွင် ပြောခဲ့ကြောင်း Tolo News က ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် လူ ၁၉ သန်းနီးပါးသည် အစားအစာ မလောက်ငမှုနှင့် ရင်ဆိုင်နေရသည်ဟု ဖေဖေါ်ဝါရီနှင့် မတ်လတွင် ကောက်ခံခဲ့သည့် စစ်တမ်းတစ်ရပ်က ပြသနေကြောင်း အာဖဂန်ရှိ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့ က ပြောသည်။

“စစ်တမ်း တွေ့ရှိချက်တွေအရ လူ ၁၉ သန်း ဒါမှမဟုတ် ၁၈ ဒသမ ၉ သန်းဟာ စားနပ်ရိက္ခာ မဖူလုံမှုနဲ့ ရင်ဆိုင်နေရတယ်ဆိုတာနဲ့ သူတို့အတွက် စားနပ်ရိက္ခာ အကူအညီနဲ့ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်တယ် ဆိုတာကို ပြသနေပါတယ်” ဟု အာဖဂန်နစ္စတန်ရှိ WFP အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဝါဟီဒူလာ အာမန်နီက ပြောကြောင်း Tolo News က ဖော်ပြသည်။

“နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေ ရရှိနိုင်စေဖို့၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ကူညီပံ့ပိုးဖို့နဲ့ အာဖဂန်နစ္စတန်ရဲ့ အခြေခံအဆောက်အအုံကို ထောက်ကူနိုင်အောင် အဓိက စီးပွားရေး စီမံကိန်း တွေ စတင်ဖို့ မိမိတို့ စီစဉ်နေတယ်” ဟု အာဖဂန် စီးပွားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး အဗ္ဗဒူလ် လာတစ်ဖ် နာဇာရီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required