ပါကစ္စတန်တွင် ဘာလို့ချ်မျိုးနွယ်စုဝင် ကျောင်းသားများ ပညာသင်ကြားမှု အခွင့်အရေးများ ပိတ်ပင်ခံနေရ

By Iffras            
24 October 2022
ပါကစ္စတန်တွင် ဘာလို့ချ်မျိုးနွယ်စုဝင် ကျောင်းသားများ ပညာသင်ကြားမှု အခွင့်အရေးများ ပိတ်ပင်ခံနေရ

ပါကစ္စတန်နိုင်ငံ ဘဟာဝဲပူရ်မြို့ အစ္စလမ္မစ်တက္ကသိုလ်မှ ဘာလို့ချ် မျိုးနွယ်စုဝင် ကျောင်းသားများသည် တက္က သိုလ် ပရိဝုဏ်အတွင်း နှောင့်ယှက်ဒုက္ခပေးခံနေရခြင်း၊ ဘော်ဒါဆောင် ခွဲဝေနေရာချထားမှုတွင် ခွဲခြား ဆက်ဆံခံရခြင်း၊ တက္ကသိုလ်အာဏာပိုင်တို့ဘက်က ထိခိုက်နစ်နာစေသည့် အပြုအမူများ လုပ်ဆောင်ခြင်းနှင့် လူမျိုးရေးခွဲခြားသည့် အမြင်သဘောထားများ ရှိနေခြင်းအပေါ် ဆန့်ကျင်လျက် ပြီးခဲ့သည့် ရက်များအတွင်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

 ပါကစ္စတန်နိုင်ငံတစ်ဝန်း၊ အထူးသဖြင့် ပန်ဂျပ်ပြည်နယ်ရှိ တက္ကသိုလ်များသည် ဘာလိုချီစတန်မှ ဘာလို့ချ်ကျောင်းသားများအတွက် ခွင့်ပြုကျောင်းသားဦးရေပမာဏကို လျှော့ချထားသလို ကျောင်းလခ နှုန်းထားများကိုလည်း ဆတိုး တိုးမြှင့်သတ်မှတ်ထားသည်။

ဘဟာဝဲပူရ် အစ္စလမ္မစ် တက္ကသိုလ်သည် အစိုးရသဘောတူညီချက်ကို ဖောက်ဖျက်လျက် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ဘာလိုချီစတန်မှ လာသော ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများထံမှ ကျောင်းလခကို ရာခိုင်နှုန်းတစ်ဝက်အဖြစ် သတ်မှတ်ကောက်ခံထားခဲ့ပြီး ဘာလိုချီစတန်မှ ကျောင်းသားများအတွက် ဘော်ဒါဆောင်တံခါးများကို လုံးလုံးလျားလျား ပိတ်ထားခဲ့သည်။

ဘာလိုချီစတန်သည် ပါကစ္စတန်၏ အဆင်းရဲဆုံးသော ပြည်နယ်ဖြစ်သည်။ ထိုပြည်နယ်တွင် ဘာသာရပ်သင်တန်း အနည်းအကျဉ်းကို သင်ကြားပေးနေသည့် တက္ကသိုလ်အနည်းငယ်သာ ရှိသည့်အတွက် အဆိုပါပြည်နယ်မှ ကျောင်းသားအများအပြားသည် အဆင့်မြင့်ပညာရေးအတွက် အခြားပြည်နယ်များသို့ သွားရောက်သင်ယူကြရသည်။ သို့သော် ပါကစ္စတန်နိုင်ငံတွင် ယခုအခါ ပညာရေးကို ပုဂ္ဂလိကဘက်သို့ ပိုမို လွှဲအပ်လာမှုများ ရှိနေသည့်အတွက် ကျောင်းသားအများအပြား (အထူးသဖြင့် ဘာလိုချီစတန်မှ ကျောင်းသားများ) အတွက် ငွေကြေးမတတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
 
ကျောင်းသားအများစုသည် ကျောင်းလခ သက်သာသော အစိုးရတက္ကသိုလ်များကို ရွေးချယ်တက်ရောက်ကြသော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း အဆိုပါ အစိုးရတက္ကသိုလ်များတွင်လည်း ကျောင်းလခနှုန်းထားများကို တိုးမြှင့်ထားခဲ့သည့်အတွက် ကျောင်းသားအများစုအနေဖြင့် အခက်အခဲများနှင့် ကြုံတွေ့လာရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required