ပါကစ္စတန် ဆေးရုံ၌ အလောင်းရာချီ တွေ့ရှိမှုဖြစ်စဉ်ကို အထူးအလေးထား ဖြေရှင်းပေးရန် ကုလသမဂ္ဂကို ဘာလို့ချ် အစုအဖွဲ့များ တိုက်တွန်း

By Latestly
24 October 2022
ပါကစ္စတန် ဆေးရုံ၌ အလောင်းရာချီ တွေ့ရှိမှုဖြစ်စဉ်ကို အထူးအလေးထား ဖြေရှင်းပေးရန် ကုလသမဂ္ဂကို ဘာလို့ချ် အစုအဖွဲ့များ တိုက်တွန်း

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် မူလ်တန်မြို့ရှိ နစ်ရှ်တာ ဆေးရုံအမိုးပေါ် အခန်းတစ်ခုထဲတွင် လူသေအလောင်း ရာနှင့်ချီ တွေ့ရှိမှု ဖြစ်စဉ်အပေါ် အလွန်တရာ စိုးရိမ်ပူပန်ကြောင်း ဘာလို့ချ်မျိုးနွယ်စု ထောက်ခံသော အဖွဲ့များက ပြောကြားလိုက်သည်။ 

လူသေအလောင်း ရာနှင့်ချီကို သံသယဖြစ်ဖွယ် အနေအထားများဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကာ ထိုအလောင်းများသည် အတင်းအကျပ်ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည့် ဘာလို့ချ်မျိုးနွယ်စုဝင်များ ဖြစ်နိုင်ကြောင်း မီဒီယာ သတင်းတချို့တွင် ဖော်ပြသည်။

မူလ်တန်ဆေးရုံ အမိုးပေါ်တွင် အလောင်းများကို ရှာတွေ့ခြင်း ဖြစ်ပြီး အဆိုပါ လူသေအလောင်းများ၏ အခြေ အနေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း ဘာလို့ချ် အမျိုးသားလှုပ်ရှားမှု (BNM) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ခံထားရပြီး မည်သူမည်ဝါ မသိရသော အလောင်း ၅၀၀ခန့် တွေ့ရှိသည် ဆိုသည့် သတင်းက ထိတ်လန့်ဖွယ်ရာ ဓာတ်ပုံ၊ ဗီဒီယိုများနှင့်အတူ လူမှုမီဒီယာတွင် ပျံ့နှံ့လာခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ဆေးရုံအမိုးပေါ်က အခန်းထဲမှာ လူမဆန်စွာ စွန့်ပစ်ခံထားရတဲ့ အလောင်းတွေရဲ့ အသားစတွေကို လင်းတတွေ၊ ကျီးကန်းတွေက ထိုးဆိတ် စားသောက်နေပါတယ်။ အဲဒီ အလောင်း‌တွေ တွေ့တယ်ဆိုတာကိုလည်း ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ အကြံပေး တာရစ် ဂူလ်ဂျားက ထုတ်ဖော်အတည်ပြုထားပါတယ်။ ဒါပေမယ့်လည်း ပါကစ္စတန် မီဒီယာတွေမှာတော့ ဒီသတင်းကို ဖုံးဖိထားပါတယ်။ ဆိုတော့ လက်တွေ့အဖြစ်မှန်က ပါကစ္စတန် အစိုးရအဖွဲ့အစည်းတွေ မလိုလားတဲ့ အခြေအနေဖြစ်နေတယ်ဆိုတာကို ပြသနေပါတယ်။ ဒါကြောင့်လည်း ဒီသတင်းကို မီဒီယာတွေမှာ ဖုံးထားတာပါ” ဟု BNM ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ဒီလထဲမှာလည်း ပန်ဂျပ်ပြည်နယ်မှာ ဘယ်သူဘယ်ဝါ မသိရတဲ့ အလောင်း ၁၆၈ လောင်းကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအလောင်းတွေကို အမည်မသိ လူတွေပါလို့ ကြေညာပြီး စုပြုံမြှုပ်နှံခဲ့ပါတယ်” ဟု BNM ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လူသေအလောင်း ရာချီ တွေ့ရှိမှုဖြစ်စဉ်က အဖြစ်ဆိုးကြီးတစ်ခု ဖြစ်ကြောင်း ဘာလိုချီစတန် လွတ်မြောက်ရေးတပ်ဦး (BLF) ၏ အကြီးအကဲ အလာ နာဇာ ဘာလို့ချ်က ပြောကြားပြီး အဆိုပါ စက်ဆုပ်ဖွယ် ဖြစ်ရပ်အပေါ် အထူးအလေးထား အာရုံစိုက် စောင့်ကြည့်ပေးရန် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အေဂျင်စီများကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly