နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၂၆ အောက်တိုဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၂၆ အောက်တိုဘာ ၂၀၂၂) 

အောက်တိုဘာလ ၂၆ ရက်

 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • တော်လှန်ရေးကြီးတွင် မတရားကျဆုံးခဲ့ရသည့် ပြည်သူတစ်ဦးချင်းစီအတွက် တရားမျှတမှု ပြန်လည် ရရှိရေးအတွက် ပြည်တွင်း နှင့် နိုင်ငံတကာ ဥပဒေတွေနှင့် အစွမ်းကုန်ကြိုးစားမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အောက်တိုဘာ ၂၅ ရက်က ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တစ်နှစ်တာ လုပ်ငန်းစဉ်များ ဖော်ဆောင်နေမှု အခြေအနေ နှင့် တစ်ပတ်အတွင်း အရေးကြီး အခြေအနေများအတွက် အစည်းအဝေးတွင် ကတိပေး ပြောသည်။ 

  • Spring Yangon Investment Phase II ၏ စီမံကိန်းတွေအနက် ဗဟန်းမြို့နယ်က တော်ဝင်နွေဦး ၄၀ ပေ x ၆၀ ပေ နဲ့ ၆၀ ပေ x ၈၀ ပေ မြေကွက်များ အားလုံး ရောင်းချပေးပြီးဖြစ်သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ  စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ The End of Dictator ship (EOD) က အောက်တိုဘာ ၂၆ ရက်တွင် ထုတ် ပြန်ကြေညာခဲ့သည်။ 

  • ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၂)နှစ်မြောက် အထိမ်းအမှတ်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ရက်စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး အနန့်ပါလေကြောင်း တိုက်ခိုက်ခံရမှုအပေါ် များစွာဝမ်းနည်းကြောင်းနှင့် ကချင်တော်လှန်ရေးခရီးအတွင်း ပေးဆပ်ခဲကြသူများအား ဦးညွှတ်ကြောင်း ဖော်ပြထားသည်။ 

  • ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၉ အနန့်ပါ (A Nang Pa) ကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်သော ဗီဒီယိုမှတ်တမ်းများ ဓာတ်ပုံသက်သေများ ရှိခဲ့ပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနဆီ ပေးပို့တိုင်ကြားနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ရုံးကို အောက်တိုဘာ ၂၅ ရက်၊ ညနေ ၃ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း  မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ PDF ရဲဘော်များ လွတ်မြောက်ရာကို တိမ်းရှောင်နိုင်ခဲ့သည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ရက်စွဲဖြင့် သတင်းထုတ် ပြန်လိုက်သည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီက ချီးမြှင့်သည့် စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် တံဆိပ် ရဲဗလတံဆိပ်ရ (ဌ) ရပ်ကွက် ရာအိမ်မှူး စိုးစိုးသည် ယနေ့ အောက်တိုဘာ ၂၆ ရက်၊ နံနက် ၉ နာရီခန့်က ဆိုင်ကယ်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားစဉ် လမ်းတွင် သေနတ် ခြောက်ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။ 

  • ရန်ကုန်တိုင်း၊ အင်းစိန်ထောင်အတွင်း သေဒဏ်ကျ အကျဉ်းသား ၅၀ ကျော်ရှိနေပြီး လတ်တလောတွင် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်ထံက သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် "ဖားကန့်-အနန့်ပါ အတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွေဦးတော်လှန်ရေး သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် ကနီမြို့ ဝင်လမ်း၌ ကနီမြို့နယ် "တိုင်းပြည် စစ်ခွေးဒဏ်သင့်နေသဖြင့် ယခုနှစ် ကနီမြို့ ရွှေမြင်းဖြူဘုရားပွဲ မကျင်းပပါ" စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကျောင်းသားပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် ဖားကန့်တွင် အကြမ်းဖက် စစ်တပ် တိုက်လေယာဥ်ဖြင့် ဗုံးကြဲခြင်းကြောင့် ကျဆုံးခဲ့သည့် ပြည်သူများအတွက် ဝမ်းနည်းအထိမ်းအမှတ်နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းတွင် အောက်တိုဘာ ၂၅ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီး စင်္ကြာ လိုက်ပါလာသည့် အိမ်စီးကား မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အရာရှိ အပါအဝင် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း God Of Monywa People Defense Force -GPDF က တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်းတွင် အောက်တိုဘာ ၂၅ ရက်၊ နံနက်ပိုင်းက စစ်ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း God Of Monywa People Defense Force- GPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောသည်။ 

  • စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်အတွင်း ပျူစောထီးဆိုသူများကို အောက်တိုဘာ ၂၄ ရက်၊ နေ့လယ်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင် တပ်ရင်း (၅) Aung San Force က ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အောင်သာကျေးရွာကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၃ ရက်၊ နံနက် ၆ နာရီခန့်က ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူ ၁၈ ဦး ကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားသည်ဟု မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး (ပ.က.ဖ) က ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တစ်နေရာ၌ အောက်တိုဘာ ၂၄ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် မိုင်းထောင်စဉ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ရကြောင်း Black Wolf Army Pdf တပ်ဖွဲ့ထံမှ သိရသည်။ 

  • လက်နက်ကိုင်တော်လှန်ရေး ရေချိန်မြင့်တက်လာသည်နှင့်အမျှ စစ်ကောင်စီတပ်ကို ခုခံတွန်းလှန်နိုင်ရေး အတွက် ခေတ်မီ သေနတ်များ လိုအပ်လျက်ရှိရာ ယင်းမာပင်ခရိုင် တပ်ရင်း (၂၇) အမိမြေတော်လှန်ရေး တပ်ဖွဲ့ မှ ပြုလုပ်သည့် “ အမိမြေ အတွက် ဗြောက် တစ်လက်” ကမ်းပိန်းကို ပြည်သူများ ဝိုင်းဝန်း ကူညီကြရန် အမိမြေတော်လှန်ရေးတပ်ဖွဲ့ မှ မေတ္တာရပ်ခံထားသည်။ 

  •  စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မကျီးအုပ်ကျေးရွာအတွင်း အောက်တိုဘာ ၂၅ ရက်၊ နံနက် ၅ နာရီခန့်က စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်ခြင်းကြောင့်  အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က  မဇ္စျိမသို့ပြောသည်။ 

  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်တပ်က ထောက်ပို့ရေး ရဟတ်ယာဉ်များဖြင့် စစ်အင်အား၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ယနေ့ နံနက်ပိုင်းက ဖြည့်တင်းနေကြောင်း စစ်ဘက် သတင်းရပ်ကွက်နှင့်ဒေသခံများထံမှ သိရသည်။ 

  •  ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီ အမှတ်(၁၂)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက် အောက် ခံ တပ်ရင်း ခလရ (၉၇) မှ ယမန်နေ့ နေ့လယ် ၃ နာရီခန့်က လက်နက်ကြီး ပစ်ခတ် မှုကြောင့် ကျောက်စရစ်ကျေးရွာ ရွှေကြက်မင်း ဘုန်းကြီးကျောင်းအောက်သို့ လက်နက်ကြီး ကျည်ကျ  ရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံနှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ဆေးရုံကို ပို့ဆောင်ကုသ နေရ ကြောင်း ဒေသခံများထံက သိရသည်။ 

  • ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူကျေးရွာကို စစ်ကြောင်းထိုး ကျူးကျော်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ အောက်တိုဘာ ၂၆ ရက်၊ နံနက်ပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး တစ်ဦးမှာ စိုးရိမ်ဒဏ်ရာရကြောင်း ဒေသခံများထံက သိရသည်။ 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်တပ်လက်အောက်ခံ မြန်မာ့ရေနံ နှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ပိုင် ဂတ်စ်ပိုက်လိုင်းကို အောက်တိုဘာ ၂၂  ရက် နှင့် ၂၃ ရက်တို့တွင်  ၂ ရက်ဆက် မြင်းခြံ ဗိုလ်စား ပျောက်ကျားတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။  

  • မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ ကန်ကောက်အရှေ့ကျေးရွာရှိ အိုးအိမ် ဝန်ထမ်းအိမ်ရာတွင် အောက်တိုဘာ ၂၄ ရက်၊ ည ၇ နာရီ မိနစ် ၄၀ ခန့်က ဗုံးပစ်ခံရခြင်းကြောင့် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ဝင် ငါးဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း No More Dictatorship People Defence Force -NMD အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

  • မန္တလေးမြို့ ၃၅ လမ်းမီးပွိုင့်တွင် အောက်တိုဘာ ၂၂ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်က ယာဉ်မောင်းတစ်ဦးအား ပစ်သတ်မှုဖြစ်စဉ်တွင် ကားပေါ်ပါလာသော ကျပ်သိန်းသောင်းချီ တန်ကြေးရှိ သည့် ကျောက်စိမ်းအချောထည်များ ပျောက်ဆုံးနေကြောင်း အသတ်ခံရသူနှင့် နီးစပ်သည့်အသိုင်းအ၀န်း ကတစ်ဆင့် သိရသည်။ 

  • ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ် အဆောင်များအနီးတွင် အောက်တိုဘာ ၂၃ ရက်က လူငယ်တစ်စုက စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်များကို ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။ 

  • စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ရဲဘော်များအပြင်းအထန်လေ့ကျင့်နေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် အသိပေး ထုတ်ပြန်သည်။ 

  • ပွင့်လင်းကာလရောက်ရှိလာပြီသကဲ့သို့ စစ်ရေးအရှိန်မြှင့်မည့်ကာလလည်း ရောက်ရှိနေ၍ ပြည်သူလူထုများ အသွားအလာ၊ အပျော်အပါး ရှောင်ကျဉ်ပေးရန်၊ လျှော့ပေးကြရန် မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရေးဘီလူးအဖွဲ့ မှ အဖွဲ့ခေါင်းဆောင်က ယနေ့ တိုက်တွန်းပြောကြားလိုက်သည်။ 

  • မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ ဈေးမသွယ်ကျေးရွာတွင် အောက်တိုဘာ ၂၅ ရက်၊ ညနေ ၆ နာရီခန့်က ဘီယာသောက်နေသည့် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတပ်ကြပ်ကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလိုက်ကြောင်း သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ 

  • မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် ကော့ကရိတ်မြိုအဝင် ကမိုင်ကုန်းကျေးရွာအနီး၌ သွင်းကုန်သယ်လာသော ကုန်ကားတစ်စီး အောက်တိုဘာ ၂၅ ရက်၊ နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါမှာ KIO နှစ်ပတ်လည်နေ့ ပြုလုပ်နေတဲ့အချိန် အကြမ်းဖက် စစ်တပ်၏ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် မိုင်ဂျာယန်မြို့မှ အနုပညာရှင်များ နှင့် လူငယ်များက အောက့်မေ့သတိရ ဆုတောင်းပွဲကို အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်ခဲ့ကြသည်။ 

  • ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိခေါဒါရ်မြို့တွင် အောက်တိုဘာလ ၂၆ ရက် ယနေ့နံနက်၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးခန့် သေဆုံးနိုင်ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၀ ကျော် သေဆုံးခဲ့မှု အတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ်အရှိန်မြှင့်တင်ကြရန် အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (GSCB) က ယမန်နေ့တွင် တိုက်တွန်းထုတ်ပြန်သည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ပွဲတော်တစ်ခုကျင်းပနေချိန် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံးရသည့် ဖြစ်ရပ်အပါအဝင် လတ်တလော အကြမ်းဖက် တိုက်ခိုက်မှုများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာက အပြင်းထန် ရှုတ်ချ လိုက်သည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံး စေခဲ့သော ဖားကန့်အဖြစ်အပျက်သည် မြန်မာစစ်တပ်၏ ဖက်ဆစ်ဝါဒကို ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းသု တ်သင်ရန် တိုက်ပွဲခေါ်သံဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အောက်တိုဘာ ၂၅ ရက်တွင် ၎င်း၏ Twitter စာမျက်နှာက တစ်ဆင့် ရေးသားပြောဆိုထားခြင်း ဖြစ်သည်။ 

  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မုံးပေါ်ဒေသတွင် အောက်တိုဘာ ၂၅ ရက်က စစ်ကောင်စီ တပ်မ ၉၉ နှင့် KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ တို့ အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားပြီး မုံးကော်ရွာထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

  • KIA တပ်မဟာ (၃) တပ်ရင်း (၁၅) စစ်ရေးလှုပ်ရှားနယ်မြေဖြစ်သည့် မိုးမောက်မြို့နယ်ဘက်သို့ စစ်ကောင်စီက အောက်တိုဘာ ၂၂ ရက်က စပြီး လေကြောင်း နှင့် မြေပြင်ပေါင်းကာ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း KIA သတင်းရင်းမြစ်များက ဆိုသည်။ 

  • အကြမ်းဖက်စစ်အာဏာရှင်ကို တစ်နှစ်အတွင်း အပြီး ချေမှုန်းပြီး ပြည်သူများ လိုချင်သော အခွင့်အရေး ရရှိရန် စိတ်ဆုံးဖြတ်ထားကြောင်း Lion Battalion Special Force မှ ဗျူဟာမှူး ဗိုလ်မှူး အယ်စေးဝါးက ပြောသည်။ 

  • ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ မူး (မုန်း) မြို့နယ်တွင် အောက်တိုဘာ ၂၂ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ပြီး ကြံစိုက်ခင်းနှင့် တဲများအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။ 

  • ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဟောင်သရောမြစ်ကမ်းရှိ စစ်ကောင်စီစခန်းတစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာ ၂၅ ရက်၊ ညပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် အနီးဝန်းကျင်ကျေးရွာများသို့ ပစ်ခတ်ကာ အဇင်းကျေးရွာတွင်လည်း ရဟတ်ယာဉ်ဖြင့် စစ်ကူများ လာရောက်ချထားကြောင်း  KNLA နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။ 

 

စစ်ကောင်စီ 

  • မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အရင်းမပျောက် မတည်ရန်ပုံငွေကျပ် ၃ ဘီလီယံကို အလေအလွင့် မရှိစေဘဲ တိုးပွားအောင် ဆောင်ရွက်ရမည်ဟု စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက အောက်တိုဘာ ၂၅ ရက်က ကျင်းပပြုလုပ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေးတွင် ပြောသည်။ 

  • အကျိုးတူ လယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်သည့် စီမံကိန်း အကောင်အထည်ဖော်ရေး အတွက် စိတ်ပါဝင်စားသော ကုမ္ပဏီ ၊ အသင်းအဖွဲ့များ အနေဖြင့် အမြန်ဆက်သွယ်ဆောင်ရွက်ရန် စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနက အသိပေး ကြေညာထားသည်။ 

  • နေပြည်တော်တွင် ခုနစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် စစ်ကောင်စီ နှစ်လယ်မြန်မာ့ ကျောက်မျက် ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက် နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၂၅၃ တွဲ ရောင်းချခဲ့ရကြောင်း သိရသည်။ 

  • စစ်ကောင်စီ တပ်အရာရှိတစ်ဦးဇနီးကို PDF ဖမ်းဆီး၍ လိုက်လံကယ်တင်ရာမှ ကလေးငယ်များ၊ အမျိုးသမီးများ၊ နိုင်ငံ့ဝန်ထမ်းအပါအဝင် ၂၆ ဦးကို ယမန်နေ့ အောက်တိုဘာ ၂၅ ရက်၊ နံနက်ပိုင်းက  ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။ 

  • ဖားကန့်တိုက်ခိုက်မှုအပေါ် အမေရိကန်နှင့် အနောက်နိုင်ငံအချို့ထုတ်ပြန်ချက်များနှင့် ကုလသမဂ္ဂအ တွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူတို့၏ တာဝန်မဲ့ပြောဆိုချက်များအပေါ် ပြင်းထန်စွာကန့်ကွက် ကြောင်း သတိပေးခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်တွင် ကြေညာသည်။ 

 

အောက်တိုဘာ ၂၆ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီသည် ခုခံမှုအားကောင်းနေသော် တော်လှန်ရေးအင်အားစုများကိုမထိန်းချုပ်နိုင်သည့်အတွက် လေကြောင်းဖြင့် နိုင်ငံအနှံ့တွင် မီးကုန်ယမ်းကုန်တိုက်ခိုက်နေသည်။စစ်တပ်ကိုမထောက်ခံလျှင် ရက်ရက် စက်စက် သတ်ခံရမည်ဟု ထင်မြင်လာစေရန် လူထုကို အကြောက်တရားသွင်းသည့်အနေဖြင့် အရပ်သား များကို လေကြောင်းမှပစ်ခတ်တိုက်ခိုက်နေသည်ဟု ဆိုရမည်ဖြစ်သည်။ 

  • စစ်တပ်၏ ရက်စက်မှုများကြောင့် ခုခံစစ်များပိုပြင်းထန်လာနိုင်ပြီး နိုင်ငံအနှံ့တိုက်ပွဲကြီးများ ဖြစ်လာနိုင် ဖွယ်ရှိနေသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly