စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် မိုင်းထောင်စဉ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး တော်လှန်ရေးရဲဘော် ၂ဦး ကျဆုံး

By စိုင်းခန့်
26 October 2022
စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် မိုင်းထောင်စဉ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး တော်လှန်ရေးရဲဘော် ၂ဦး ကျဆုံး

အောက်တိုဘာ ၂၆

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တစ်နေရာ၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် မိုင်းထောင်စဉ် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ရကြောင်း Black Wolf Army Pdf တပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တစ်နေရာတွင် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ နေရာကတော့လုံခြုံရေးအရ ပြောမရလို့ပါ။ စစ်ခွေးလမ်းကြောင်းကို မိုင်းထောင်ရင်း accident ဖြစ်တာ ဖြစ်ပါတယ်။ အပြင်းအထန် ဒဏ်ရာရရှိပြီး ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပါတယ်။ “ ဟု Black Wolf Army Pdf တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

မိုင်းဆင်သည့် အချိန် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် Black Wolf Army Pdf တပ်ဖွဲ့ဝင် ရဲဘော် ရာဇ နှင့် ရဲဘော် တိီကောင် တို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကာ ဆေးကုသမှုခံယူခဲ့သော်လည်း ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦးသည် အသက် ၂၅ အရွယ် ဝန်းကျင် လူငယ်များ ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း မတော်တဆဖြစ်စဉ်ကြောင့် ကျဆုံးခဲ့ရသည့်အတွက် အစားထိုးမရနိုင်သည့် ဆုံးရှုံးမှု တစ်ခုဖြစ်ကြောင်း တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ တော်လှန်ရေးကာလမှာ အဓိက နေရာကနေ ပါဝင်ပြီးတော့ ရဲစွမ်းသတ္တိ အပြည့်နဲ့ တိုက်ခိုက်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကျဆုံးခဲ့သည့် တော်လှန်ရေးရဲဘော် နှစ်ဦးကို ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကောင်းမွန်စွာ မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကြောင်းထိုးမှုများ ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ထိုသို့သော တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများရှိသလို လက်လုပ်သေနတ်များ၊ မိုင်းများအသုံးပြုကာ ရင်ဆိုင်တိုက်ခိုက်နေရသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း ထိခိုက်ကျဆုံးမှုများ ဆက်တိုက်ရှိနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဒေသကာကွယ်ရေးတပ်ဖွဲ့

#တိုက်ခိုက်မှုများ

#စစ်ကောင်စီတပ်

#စစ်ကိုင်းမြို့နယ်

#မိုင်းမတော်တဆ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly